မြန်မာပြည်တွင် ပထမဆုံး ပြိုင်ကားလေးမောင်းပြိုင်ပွဲ ကျင်းပမည်

မြန်မာပြည်တွင် ပထမဆုံး ပြိုင်ကားလေးမောင်းပြိုင်ပွဲ ကျင်းပမည်
by -
ဆလိုင်းဟံသာစန်း
မြန်မာနိုင်ငံတွင် ပထမဆုံးသော အပေါ့စားပြိုင်ကားမောင်းပြိုင်ပွဲကို ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ Galaxy Racing Karts Ground ပြိုင်ကားကွင်း၌ လာမည့်လ ၁၆ ရက်နေ့တွင် ကျင်းပ ...

နယူးဒေလီ (မဇ္စျိမ)။     ။ မြန်မာနိုင်ငံတွင် ပထမဆုံးသော အပေါ့စားပြိုင်ကားမောင်းပြိုင်ပွဲကို ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ Galaxy Racing Karts Ground ပြိုင်ကားကွင်း၌ လာမည့်လ ၁၆ ရက်နေ့တွင် ကျင်းပသွားမည်။

ရွှေပုံ့ပုံ့ကုမ္ပဏီက အားကစားဝန်ကြီးဌာနထံမှ ငှားရမ်းဖွင့်လှစ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ကားပြိုင်ကွင်း၌ ကျင်းပသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

“လာမောင်းတဲ့ လူတွေအတွက် ပရိုမိုးရှင်း (မြှင့်တင်ရေး) လုပ်ပေးတဲ့ သဘောပါ။ နောက်လည်း ၂ လ တကြိမ်၊ ၃ လ တကြိမ် ကျင်းပသွားဖို့ ရှိပါတယ်။ ပွဲကို သေချာလုပ်ထားတာဆိုတော့ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

လက်ရှိအထိ စာရင်းပေးသွင်းသူ ၅ ဦးရှိပြီဖြစ်ကာ လာမည့်လ ၁၁ ရက်နေ့ကို စာရင်းသွင်းရမည့် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည်။ ပြိုင်ပွဲဝင်ကြေးမှာ ကျပ် ရ သောင်း ဖြစ်သည်။

ပထမဆုကို ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၅ သိန်းနှင့် တတိယဆု ကျပ် ၃ သိန်း ချီးမြှင့်သွားမည်။

ကွင်းတွင် 2 Stroke နှင့် 4 Stroke ဟူ၍ ပြိုင်ကားအမျိုးအစား ၂ မျိုးရှိပြီး ယခုကျင်းပမည့် ပြိုင်ပွဲသည် 2 Stroke ကားပြိုင်ပွဲ ဖြစ်သည်။ ၆ ဒဿမ ၅ ဧက ကျယ်ဝန်းသည့် ကွင်းအတွင်း အခက်အခဲကွေ့ပေါင်း ၁၀ ကွေ့ရှိပြီး ကွင်းတပတ်ပြည့် မောင်းနှင်ယှဉ်ပြိုင်ရမည်။

မြန်နှုန်းနိမ့် ပြိုင်ကားတမျိုးဖြစ်သော ယခုပြိုင်ကားများကို ပုံစံကိုက်ချထားသော ကွင်းများအတွင်းပြိုင်လေ့ရှိပြီး ယခုပြိုင်ကားများဖြင့် မောင်းနှင်သည့်အတွေ့အကြံုမှတဆင့် ပိုမိုမြန်၍ စျေးကြီးသော ပြိုင်ကားများ မောင်းနှင်မှုကို တက်လှမ်းလေ့ရှိသည်။

ပြိုင်ပွဲဝင်မည့်သူသည် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူးချုပ်ရုံးမှ အသိအမှတ်ပြု ယာဉ်မောင်းလိုင်စင် ရရှိပြီးသည့် အသက် ၁၈ နှစ်အထက် ရှိရမည်ဖြစ်ပြီး 2 Stroke ပြိုင်ကားကို အနည်းဆုံး မိနစ် ၃၀ မောင်းနှင်ထားပြီးသူ ဖြစ်ရမည်။  

ပြိုင်ကားမောင်းနှင်ခမှာ ၁၀ မိနစ်လျှင် 2 Stroke ပြိုင်ကား (တနာရီ ၁၂၀ မိုင်) အတွက် ၁၄၀၀၀ ကျပ်နှင့် 4 Stroke ပြိုင်ကား (တနာရီ ၆၀ မိုင်) အတွက် ကျပ်တသောင်း ဖြစ်သည်။

ယခုလ ၁၁ ရက်နေ့မှ နောက်လ ၁၂ ရက်နေ့အတွင်း ပြိုင်ပွဲဝင်ရန်အတွက် လာရောက်လေ့ကျင့်သူများအတွက် မောင်းနှင်ခကို ပုံမှန်ထက် ၂၅ ရာခိုင်နှုန်း လျှော့ယူထားသည်။

“4 Stroke ကို အခုမှစမောင်းတဲ့ အပျော်တမ်းသမားတွေ မောင်းတယ်။ 2 Stroke ကို မောင်းတတ်ပြီးသားသူတွေ မောင်းကြပါတယ်။ အဲဒါက ပြိုင်ပွဲဝင််တဲ့ အဆင့်မို့လို့ 2 Stroke ကို ပြိုင်ပွဲ ကျင်းပပေးတာပါ” ဟု သုဝဏ္ဏ ပြိုင်ကားကွင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကားပြိုင်ကွင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ မြန်မာပြည်တွင် တခုတည်းသော ကားပြိုင်ကွင်း ဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)