နယူးဒေလီ (မဇ္စျိမ)။ ။ ပညာရေးဝန်ကြီးဌာန လက်အောက်တွင် တိုက်ရိုက်ထားရှိမည့် အလွတ်သင်ကျောင်း အမည်ဖြင့် ယခုလ ၉ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် ဝန်ကြီးက ရန်ကုန်တွင် ကျောင်းတကျောင်းကို ဖွင့်ခွင့်ပြုလိုက်ကြောင်း အခြေခံပညာ ဦးစီးဌာန ဒုညွှန်မှူးတဦးက ပြောသည်။
မြို့နယ်စည်ပင် လက်အောက်တွင် ရှိခဲ့သည့် ရန်ကုန်တိုင်း မြောက်ဥက္ကလာပရှိ ACA ဘော်ဒါဆောင်ကို အလွတ်သင်ကျောင်း (ပုဂ္ဂလိကကျောင်း) အမည်ဖြင့် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကျောင်းအဖြစ် ထားရှိသွားရန် ဝန်ကြီးက ခွင့်ပြုသည်။
“ဝန်ကြီးက နှုတ်မိန့်နဲ့ ပြောခဲ့တာပါ။ တရားဝင် စာထုတ်ပြီး ကြေညာတာ မဟုတ်ပါဘူး။ ၂၉ ရက်နေ့ကျမှ ကျနော်တို့ကို အဲဒီကို လာခဲ့ပါလို့ခေါ်ပြီး ရောက်သွားတော့ ဝန်ကြီးနဲ့ တိုင်းမှူးက ရောက်နှင့်ပြီး ACA ကို အလွတ်သင်ကျောင်း လုပ်ခွင့်ပြုတယ်။ ၉ ရက်နေ့ (ယခုလ) ဖွင့်ပါလို့ ပြောခဲ့တာပါ။ ဘော်ဒါကနေ အလွတ်သင်ကျောင်း လုပ်လိုက်တာ” ဟု ရန်ကုန်ရှိ အခြေခံပညာ ဦးစီးဌာနတခုမှ အမည်မဖော်လိုသူ ဒုညွှန်ကြားရေးမှူးတဦးက မဇ္စျိမကို ပြောဆိုသည်။
၅ တန်းမှ ၁ဝ တန်းအထိ ဘော်ဒါဆောင် ဖွင့်လှစ်ထားသည့် ACA သည် ကျောင်းသားများကို အစိုးရကျောင်းချိန်တွင် စေလွှတ်သင်ကြားစေပြီးနောက် ပြန်ရောက်လာသည့်အခါ မရှင်းလင်းသည်များကို ပြန်လည်သင်ပေးခြင်း၊ အခြားဘာသာရပ်အချို့ဖြင့် အပိုဆောင်းသင်ကြားသေးခြင်း၊ သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့ ကွန်ပြူတာသင်ခန်းစာများ ပို့ချခြင်းတို့ဖြင့် ပညာရေးဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်။
ယခုလို အလွတ်သင်ကျောင်းအဖြစ် အသွင်ပြောင်းလဲ၍ မြို့နယ်စည်ပင်မှ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ ထားရှိလိုက်သော်လည်း ယခင်ကဲ့သို့ပင် အဆောင်နေ ကျောင်းသားများကို နေ့ခင်းတွင် အချိန်ပိုင်းအလိုက် အစိုးရကျောင်းများသို့ စေလွှတ်သင်ကြားရသည်သာ ဖြစ်သည်။ သို့သော် စာသင်ခန်းများကိုမူ အခြေခံပညာ အစိုးရကျောင်းများတွင် သတ်မှတ်ပေးထားသည့် စာသင်ခန်းပုံစံများအတိုင်း ပြောင်းလဲသွားရမည်။
မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသော ပညာရေးဝန်ဆောင်မှု လုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနမှ တိုက်ရိုက်ခွင့်ပြုခြင်း မရှိဘဲ စီးပွားကူးသန်းဝန်ကြီးဌာနက လိုင်စင်ဖြင့်လည်းကောင်း၊ အချို့မှာ စည်ပင်လိုင်စင်ဖြင့်လည်းကောင်း လုပ်ကိုင်နေကြရသည်။
“ပညာရေးဝန်ကြီးဌာနကနေ တရားဝင် ခွင့်ပြုချက်ပေးထားတာက ညအိပ်ခွင့်မရှိတဲ့ အချိန်ပိုင်း ကျုရှင်တွေကို၊ ပညာရေးဝန်ထမ်းမဟုတ်တဲ့ ပုဂ္ဂလိကတွေကို လုပ်ကိုင်ခွင့် ပြုထားတာပဲ ရှိတယ်။ စိုးစံ (ဘော်ဒါ) တို့လို လူထောင်ချီရှိတဲ့ဟာက စီးပွားကူးသန်းက ခွင့်ပြုချက်နဲ့လုပ်တာ။ လူ ၆ဝ၊ ၁ဝဝ လောက်ရှိတာကိုတော့ စည်ပင်က တည်းခိုခွင့် ဥပဒေနဲ့ လုပ်တာ” ဟု ပညာရေးဦးစီးဌာန ဒုညွှန်မှူးက ရှင်းပြသည်။
ပြောင်းလဲခေါ်ဝေါ်လိုက်သော်လည်း ယခင်က မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည့် အလွတ်သင် ကျောင်းများကဲ့သို့ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားခြင်း၊ ၈ တန်းနှင့် ၁ဝ တန်းကလွဲ၍ ကျောင်းတွင်း စာမေးပွဲများဖြင့် အအောင်-အရှုံး စစ်ဆေးဆုံးဖြတ်ခြင်းတို့ဖြင့် တူညီမှု မရှိကြောင်း ရန်ကုန် ပညာရေး အသိုင်းအဝိုင်းက ထောက်ပြပြောဆိုကြသည်။
ကျောင်းသားမိဘတဦးကလည်း “ကျမကလေးကို အပ်ချင်လို့ ACA ကို မေးကြည်တော့ ဘော်ဒါဆောင်လိုပါပဲ။ သူတို့ဆီကို တနှစ်စာပေးပြီး အပ်ထားလိုက်ရမှာ။ သူတို့က အနီးအနားမှာရှိတဲ့ (အစိုးရ) ကျောင်းတကျောင်းမှာ ကျောင်းအပ်ပေးပြီး အစိုးရက ပြဋ္ဌာန်းတဲ့ သင်ရိုးညွှန်တမ်းကိုပဲ သင်ရမယ်။ ၁ဝ တန်းကိုတော့ အစိုးရစစ် ဖြေရမယ်။ ကျန်တဲ့အတန်းတွေကိုတော့ (အစိုးရ) ကျောင်းက စစ်တာပဲ ဖြေရမယ်တဲ့” ဟု ပြောသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ အမည်ဖြင့် စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းပိုက်ပြီးနောက် ၁၉၆၄ ခုနှစ်တွင် အလွတ်သင်ကျောင်းများကို ပြည်သူပိုင်သိမ်းပိုက်ခြင်းဖြင့် လွတ်လပ်သော တသီးပုဂ္ဂလ ကျောင်းပညာရေးစနစ် ပျောက်ကွယ်သွားခဲ့သည်။ အလွတ်သင် ပညာရေးစနစ်ကို ၁၉၂ဝ ခုနှစ်တွင် အမျိုးသားကျောင်းများဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။
ယခုလို အမည်ပြောင်းလဲခြင်းနှင့် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ရွှေ့ပြောင်းထားရှိလိုက်ခြင်းမျိုး မဟုတ်ဘဲ၊ ယခင်က ကျင့်သုံးခဲ့ဖူးသည့် အလွတ်သင်ကျောင်းများအတိုင်း လွတ်လပ်စွာ ပေါ်ထွက်လာလျှင် ကြိုဆိုလိုကြောင်း ပြီးခဲ့သည့် နှစ်တွင် မြို့နယ် ပညာရေးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သူ ဆရာမကြီးက ပြောသည်။
''အလွတ်သင်ကျောင်းတွေ ပေါ်လာမယ်ဆိုရင် ကြိုဆိုပါတယ်။ ကျမက ၁၉၅၈ မှာ အလွတ်သင် ကျောင်းတွေမှာ တက်ခဲ့တာပါ။ အဲဒီလို ကျောင်းတွေဟာ စည်းကမ်းတင်းတင်းကျပ်ကျပ်နဲဲ့ ထိထိရောက်ရောက် သင်တဲ့အပြင် တကျောင်းနဲ့ တကျောင်း ပြိုင်ဆိုင်မှု ရှိတဲ့အတွက် အောင်ချက်လည်း ကောင်းပါတယ်။ အပြင်ကျူရှင်လည်း တက်စရာမလိုဘူး။ ဘယ်မျက်နှာမှ မကြည့်ဘဲ အားလုံးကို ကောင်းကောင်း သင်ပေးပါတယ်” ဟု သူက ပြောသည်။
ACA တွင် ၅ တန်း ကျောင်းသားတဦးသည် တနှစ်စာအတွက် ကျပ်သိန်း ၂ဝ၊ ၉ တန်းအတွက် ကျပ် ၂၅ သိန်းနှင့် ၁ဝ တန်းအတွက် သိန်း ၃ဝ ကုန်ကျမည်ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ခန့်မှ စတင်၍ ရန်ကုန်တွင် ACA ကဲ့သို့ပင် ငွေကုန်ကြေးကျခံကာ သင်ကြားနိုင်သည့် ပညာရေးဝန်ဆောင်မှုပေးနေသော ဘော်ဒါဆောင်များ တဖြည်းဖြည်း ပေါ်ပေါက်လာရာ ယခုအခါ ရာနှင့်ချီ၍ တည်ရှိနေပြီဖြစ်သည်။ ထို့အပြင် ILBC (ရန်ကုန်၊ မန္တလေး) နှင့် YIEC (ရန်ကုန်) ကဲ့သို့ နိုင်ငံတကာ ကျောင်းများနှင့် ချိတ်ဆက်ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၃ဝ ခန့်လည်း တည်ရှိနေရာ ထိုကျောင်းများကိုမူ စစ်အစိုးရက အသိအမှတ်ပြုခြင်း မရှိပါ။
ACA ကဲ့သို့ပင် ပုဂ္ဂလိက အလွတ်သင်ကျောင်းအဖြစ် ပြင်ဦးလွင် (မြေမြို့) ရှိ စာပန်းအိမ်နှင့် နေပြည်တော်ရှိ စိုးစံ ဘော်ဒါဆောင်တို့လည်း ကနဦး ဖွင့်လှစ်ခွင့်ပြုလိုက်သည်။