ရွှေတိဂုံ ၈ ဆူ ရှမ်းပြည်နယ်တွင်း တည်ထား

ရွှေတိဂုံ ၈ ဆူ ရှမ်းပြည်နယ်တွင်း တည်ထား
by -
ဖနိဒါ
ရှမ်းပြည်နယ်အတွင်း၌ ရန်ကုန်မြို့တွင် တည်ထားကိုးကွယ်သော ရွှေတိဂုံဘုရားပုံတူ ၈ ဆူ တည် ဆောက်ထားပြီးဖြစ်ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားရေး ...

မဇ္ဈိမ(ချင်းမိုင်) ။      ။ ရှမ်းပြည်နယ်အတွင်း၌ ရန်ကုန်မြို့တွင် တည်ထားကိုးကွယ်သော ရွှေတိဂုံဘုရားပုံတူ ၈ ဆူ တည် ဆောက်ထားပြီးဖြစ်ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားရေးအသင်း (SWAN) က ယနေ့ပြောသည်။

၁၉၉၅-၂ဝဝ၆ ခုနှစ်အတွင်း ကျိုင်းတုံ မြောက်ပိုင်း တရုတ်နယ်စပ်ရှိ မိုင်းလားမြို့၊ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၊ အလယ်ပိုင်းရှိ ကွန်ဟိန်းမြို့၊ ပြည်နယ် ဗဟိုရှိ မိုင်းရယ် မြို့နှင့် တောင်ပိုင်းရှိ မိုင်းပန်မြို့ ၊ ပင်လုံ၊ မြောက်ပိုင်းရှိ ပန်ဆန်း၊ လားရှိုးမြို့တို့တွင် အသီးသီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ထိုဘုရားများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု- ဗိုလ်ချုပ် မှူးကြီး မောင်အေး၊ ယခင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်တို့က ကမကထပြု တည်ဆောက်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဗုဒ္ဓဘာသာကို အလေးထား၍ မဟုတ်ဘဲ မြန်မာစစ်တပ်က ထိန်းချုပ်ထားနိုင်သည်ဆိုသော လက္ခဏာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော ရှမ်းတော်လှန်ရေးသမားများကို သောင်းကျန်းသူဆန့်ကျင်ရေး စစ်ဆင်ရေး၏ တစိတ်တဒေသအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ရှမ်းယဉ်ကျေးမှုကိုတော့ မှေးမိန်ပျောက်ကွယ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရှမ်းအမျိုးသမီးများက စွပ်စွဲလိုက်သည်။

“ ရှမ်းယဉ်ကျေးမှုကို လျစ်လျူရှုရုံမကဘူး၊ ဟော်နန်းကိုဆို ဖြိုဖျက်ဖို့ အမိန့်ချခဲ့တယ်လေ” ဟု SWAN မှ ပြောခွင့်ရသူ မွန်းကိန်က မဇ္ဈိမကို ပြောသည်။

ရှမ်းဟော်နန်းများအနက် အခမ်းအနားဆုံးဖြစ်သည်ဟု ကျော်ကြားသည့် ၁၉ဝ၃ ခုနှစ်က တည်ဆောက်ခဲ့သော ကျိုင်းတုံဟော်နန်းကို ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၉  ရက်နေ့တွင် စစ်အစိုးရက ဖြိုချဖျက်ဆီးခဲ့သည်။ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဟော်နန်းဟောင်းတွင် ဟိုတယ်တည်ဆောက်ပြီး ကျိုင်းတုံဟိုတယ်ဟု အမည်ပေးခဲ့သည်

ကျန်ရစ်နေသေးသော ဟော်နန်း ၃၄ ခုမှာလည်း စောင့်ရှောက်မှုမရှိ၊ အိုဟောင်းပျက်စီးလာနေရာ စစ်အစိုးရက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု  SWAN အဖွဲ့၏ “တားမြစ်ထားသောမြင်ကွင်းများ” အမည်ရှိ လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။

မြန်မာနို်င်ငံ၏ ပထမဦးဆုံးသမတဖြစ်လာခဲ့သော စပ်ရွှေသိုက်၏ ညောင်ရွှေဟော်နန်းမှာလည်း ညောင်ရွှေယဉ်ကျေးမှုပြတိုက်အဖြစ် ပြောင်းလဲသတ်မှတ်ခံခဲ့ရကာ UNESCO က ပြုပြင်ထိန်းသိမ်းရန် အမေရိကန်ဒေါ်လာ ၃ သောင်းပေးခဲ့သော်လည်း ပြင်ဆင်ခြင်းမလုပ်ဘဲ ၂ဝဝ၆ ခုနှစ်တွင် ဟော်နန်းရှိ အနုပညာလက်ရာများကို နေပြည်တော်သို့ ပို့ပေးရမည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့်ထုတ်ခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် ဟော်နန်းအား ဗုဒ္ဓဝင်ပြတိုက်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

သမတကြီး စပ်ရွှေသိုက်သည် ၁၉ ၆၂ ခုနှစ် မတ်လ ၂ ရက်နေ့က ကွယ်လွန်ပြီးဖြစ်သော အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တပ်က အာဏာသိမ်းရာတွင် အဖမ်းခံရပြီး ထောင်တွင်းတွင် ကွယ်လွန်ခဲ့သည်။

စာမျက်နှာပေါင်း ၃၇ မျက်နှာ ဓာတ်ပုံများ ဝေဝေဆာဆာပါဝင်သည့် ယင်းစာအုပ်အတွက် အချိန် ၁ နှစ်ကျော်ကြာ အချက် အလက်များ စုဆောင်းခဲ့ရပြီး အင်္ဂလိပ်၊ မြန်မာ၊ ရှမ်းနှင့် ထိုင်း ဘာသာတို့ဖြင့် ယနေ့ကျရောက်သည့် ရှမ်းနှစ်သစ်ကူးနေ့တွင် ဖြန့်ချိလိုက်သည်။

“အလည်လာတဲ့ ဧည့်သည်တွေ အားလုံး သူတို့လည်ပတ်တဲ့ ပတ်ပတ်လည်မှာ ဖိနှိပ်မှုတွေ၊ ချိုးနှိမ်မှု တွေ ရှိနေတယ် ဆိုတာကို သိစေချင်ပါတယ်” ဟု မွန်းကိန် က ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဒေသအများစုမှာ နိုင်ငံခြားသား ခရီးသည်များကို သွားခွင့်မပြုဘဲကန့်သတ်ထားသည်။
ပြည်နယ်အတွင်း ခြေလျင်တပ်ရင်းပေါင်း ၁၅ဝ တပ်စွဲထားပြီး ထိုတပ်များစခန်းချရာဒေသများတွင် ဒေသခံများထံမှ မြေယာသိမ်းယူခြင်း၊ ငွေညှစ်ခြင်းနှင့် အခမဲ့လုပ်အားပေးခိုင်းခြင်းများရှိနေသည်ဟု SWAN ဆိုသည်။

သောင်းကျန်သူ ဆန့်ကျင်ရေး စီမံကိန်း များကြောင့် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အတွင်း ဒေသခံ သုံးသိန်းနီးပါး အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့ရသည်ဟုလညး် မီးမောင်းထိုးပြထားသည်။

shwedagon-map