ချင်းမိုင် (မဇ္ဈိမ) ။ ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး စစ်အစိုးရက ဆက်လက်ကြိုးပမ်းနေသော်လည်း ယခုချိန်ထိ သဘောတူညီမှု မရနိုင်သေးဘဲ ဖြစ်နေသည်ဟု အကဲခတ်များက ပြောသည်။
ယခုလ ၁၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာ လုံခြံုရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သော စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဝ' တပ်၏ နိုင်ငံရေး ဦးဆောင်မှုပါတီဖြစ်သော ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒု- ဥက္ကဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း ပါဝင်သောအဖွဲ့တို့ ဆွေးနွေးခဲ့ရာ ဆုံးဖြတ်ချက်မကျနိုင်ဘဲ ဖြစ်နေသည်။
“တွေ့ပေမယ့် အဆင်မပြေကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာအစိုးရဘက်ကလည်း မလျှော့ဘူးလေ။ ဝ' ဘက်ကလည်း မလိုက်ရောနိုင်ဘူး။” ဟု ဝ' အဖွဲ့နှင့် နီးစပ်သော စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္စျိမကို ပြောသည်။
အင်အား ၃ သောင်းခန့်ရှိမည်ဟု ခန့်မှန်းရသော ဝ' တပ်ဖွဲ့ကို မြန်မာ့တပ်မတော်၏ အုပ်ချုပ်မှုအောက် ထားရှိရန် နေပြည်တော်က သြဂုတ်လကတည်းက စလျှင် ၃ ကြိမ်တိုင် ဆွေးနွေးပြီး ဖြစ်သည်
ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပျက်ပြယ်လိုသော ဝ' တို့ဘက်က နယ်ခြားစောင့်တပ်ပြောင်းရန် မူအားဖြင့် လက်ခံသော်လည်း တဖြည်းဖြည်းချင်းမှ ပြောင်းလဲလိုပြီး ယခုနှစ်အတွင်း မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ထားသည်။
စစ်အစိုးရကတော့ ဒီဇင်ဘာလ နောက်ဆုံးထား၍ အကြောင်းပြန်ရန် ပြောကြားထားခဲ့သည်။
အလားတူပင် စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က တရက်ထဲမှာပင် ဆက်လက်၍ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် SSA (မြောက်ပိုင်း) ဥက္ကဌ စဝ်လွယ်မောဝ်း၊ ဒု-ဥက္ကဌက စဝ်ကိုင်ဖ နှင့် စဝ်ကောင်တိုင်း တို့နှင့် နယ်ခြားစောင့် အသွင်းပြောင်းရေး ဆွေးနွေးရာတွင်လည်း အဖြေမထွက်ဘဲ ရှိခဲ့သည်ဟု သိရသည်။
SSA မြောက်ပိုင်းအဖွဲ့အတွင်း နယ်ခြားစောင့်တပ် ပြောင်းလဲလိုသူများ၏ ဆန္ဒကောက်ခံရာ အနည်းစုကသာ သဘောတူကြသည်။
ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က အဖြစ်အပျက်အပေါ် ကျေနပ်မှုမရှိဘဲ ရှမ်းတပ်တွင်း ထပ်မံစည်းရုံုးထားရေး ပြောခဲ့သည်ဟု ရှမ်းပြည်တွင်းရှိ အပစ်ခတ်ရပ်အဖွဲ့များအပေါ် စောင့်ကြည့်လေ့လာနေသူ ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
စရဘ အကြီးအကဲက ” ခင်ဗျားတို့ မှန်မှန်ကန်ကန် အဖြေပေးနိုင်ဖို့ ပြင်ဆင်ထားပါ။ ခင်ဗျားတို့လည်း နိုင်ငံတော်ရဲ့ စေတနာကို သိတယ်မို့လား။ နားလည်တယ်မို့လား အခြေခံဥပဒေ အသစ်ထဲမှာ ဘယ်လိုပြဌာန်းထားသလဲဆိုတာ။ ခင်ဗျားတို့လည်း သိတာပဲ။ ခင်ဗျားတို့လည်း အမျိုးသား ညီလာခံတက်ခဲ့ဘူးတာပဲ။” ဟု အစည်းအဝေးတွင် ပြောကြားသွားခဲ့ကြောင်း ဦးစိန်ကြည်က ကိုးကား၍ ပြောသည်။
SSA ဌာနချုပ်တွင် ယနေ့မှစ၍ ၂ ရက်တာ အစည်းအဝေး ပြုလုပ်ပြီး ဆွေးနွေးပွဲအပေါ် ပြန်လည် ရှင်းလင်းပြောကြားမည်ဟု ဒေသတွင်းမှလာသော သတင်းများအရ သိရသည်။