ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ပေါ်တွင် ဖြတ်သန်းစီးဆင်းနေသော လှိုင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များ ပေါင်းစုံသည့် နေရာများတွင် ရေအရည်အသွေး စစ်ဆေးရာ ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာက ထုတ်ပြန်သည်။
မြို့တော် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သန့်ရှင်းရေးဌာနနှင့် ရေအရင်းအမြစ် ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် နိုင်ငံတကာ သတ်မှတ်ထားသော စံချိန်စံညွှန်းထက် နိမ့်ကျနေသည်။
ထုတ်ပြန်ချက်အရ ရေထုညစ်ညမ်းစေသည့် အဓိကအကြောင်းအရင်းမှာ ရန်ကုန်မြို့တွင် တရားဝင် မှတ်ပုံတင်ထားသည့် စက်ရုံ ၄၆ ရုံနှင့် မှတ်ပုံမတင်ထားသည့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေကြသည့် စက်ရုံများမှ စွန့်ပစ်လိုက်သည့် ဓာတုပစ္စည်းများကြောင့် ဖြစ်သည်ဟု ပါရှိသည်။
ဘက်ထရီစက်ရုံ၊ ရာဘာစက်ရုံ၊ ဆေးဆိုးပန်းရိုက်စက်ရုံ၊ သဘောင်္ဆေးစက်ရုံ၊ အရက်ချက်စက်ရုံများ အပါအဝင် ဓာတုပစ္စည်း မြစ်ချောင်းများသို့ တိုက်ရိုက် စွန့်ပစ်ခြင်းကြောင့် ဖြစ်သည်ဟု ယူဆကြောင်း ကြေညာချက်တွင် ပါရှိသည်။
အများအားဖြင့် စွန့်ပစ်ဓာတုပစ္စည်းများကို မြစ်ချောင်းများအတွင်းသို့ တိုက်ရိုက်စွန့်ပစ်ခြင်းကြောင့် ဖြစ်သည်ဟု စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ တာဝန်ရှိသူတဦးက ပြောသည်။
“စက်ရုံတွေ အားလုံးတော့ ရေဆိုးသန့်စက် တပ်ဆင်ထားတာ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ မြို့စည်ပင်နဲ့ပေါင်းပြီး ဒီစက်ရုံတွေကို စစ်ဆေးသွားဖို့ အစီအစဉ် ရှိပါတယ်။ သူတို့ကိုလည်း အဲဒီလို လာစစ်မယ်ဆိုတာကို အကြောင်းကြားပြီးသွားပါပြီ” ဟု အဆိုပါအရာရှိက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရန်ကုန်မြို့ရှိ အရက်ချက် စက်ရုံများမှ စွန့်ပစ်ရည်များကြောင့် ငမိုးရိပ်ချောင်းတွင်းရှိ ငါးများ သေဆုံးကုန်သဖြင့် အရက်ချက်စက်ရုံများကို လိုက်လံစစ်ဆေးပြီး ကိုယ်ပိုင်ရေဆိုးသန့်စင် စက်များ တပ်ဆင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းရှိ မြစ်ချောင်းများတွင်လည်း ရွှေကျင်သည့်အခါ အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် သောက်သုံးရန် စိတ်ချမှု မရှိတော့ကြောင်း ပြည်တွင်းရှိ မြန်မာနိုင်ငံ သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း FREDA မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
“Global warming နဲ့ ဆိုင်တော့ နေရာအားလုံးမှာ ရေညစ်ညမ်းနေပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာဆို မြို့ပြ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ရေညစ်ညမ်းမှု ပိုဖြစ်များတာပေါ့နော်။ လှိုင်မြစ်ပေါ်မှာရယ်လို့ မဟုတ်ပါဘူး။ ဒီရေတောတွေမှာလည်း ပင်လယ်ဘက်ကနေ toxic (အဆိပ်အတောက်) တွေ ပါလာတဲ့အခါကျတော့ ရေထုညစ်ညမ်းမှု အားလုံးလိုလို ဖြစ်နေတာပါပဲ” ဟု သူက ပြောသည်။
(ဖနိဒါ ထပ်မံဖြည့်စွက်သည်။)