နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရ၏ ဒေါက်တိုင်အဖြစ် လူသိများသည့် ကြံ့ဖွံ့ ခေါ် ပြည်ခိုင်ဖြိုး အသင်း၏ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို အသင်းရုံးချုပ် တည်ရှိရာ နေပြည်တော်တိုင်း ဒက္ခိဏသီရိမြို့သစ်၌ ယခုလ ၂၃ ရက်နေ့တွင် ကျင်းပမည်ဟု စုံစမ်းသိရှိရသည်။
အစည်းအဝေးသို့ တက်ရောက်ရန် ပြည်နယ်နှင့် တိုင်းများမှ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် အတွင်းရေးမှူးများကို ဖိတ်ကြားထားပြီး ဒက္ခိဏသီရိမြို့သို့ ယခုလ ၂၀ ရက်နေ့ အရောက်လာရန် ညွှန်ကြားထားပြီး ဖြစ်သည်။
“တမြို့နယ်ကို တယောက်၊ ခရိုင်တခုကို တယောက်၊ တိုင်းတခုကို တယောက်၊ အဲလို ဖိတ်ထားတယ်။ အတွင်းရေးမှူးတွေပေါ့။ ၂၀ ရက်နေ့ လယ်ဝေး အရောက်ခေါ်ထားတယ်။ ၂၃ ရက်နေ့ အစည်းအဝေး စမယ်။ ကျနော်တို့ဆီက တယောက်သွားတက်မယ်။ ရွေးထားပြီးပြီ” ဟု ဒက္ခိဏသီရိမြို့ တောင်ဘက်တွင် တည်ရှိကာ နေပြည်တော်တိုင်းအတွင်း ပါဝင်သည့် လယ်ဝေးမြို့မှ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။
ရန်ကုန်တိုင်း တာမွေမြို့နယ်မှ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်တဦးကလည်း အစည်းအဝေး တက်ရောက်ရန်အတွက် ယခုလ ၂၀ ရက်နေ့အမီ နေပြည်တော်သို့ သွားရောက်ရမည်ဖြစ်သည်။
တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်မှ ကိုယ်စားလှယ် ဦးရေပေါင်း ရ၀၀ နီးပါး တက်ရောက်မည်ဟု သိရသော်လည်း ရက်ပေါင်းမည်မျှ ကျင်းပမည်ကို ကြေညာထားခြင်း မရှိသေးပါ။
အတို်က်အခံများကို ရိုက်နှက်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ကြံ့ဖွံ့အသင်း အစည်းအဝေးကို နှစ်စဉ် ကျင်းပလေ့ရှိရာ၊ ပြီးခဲ့သည့်နှစ်တွင် နေပြည်တော်တိုင်း ပုဗ္ဗာသီရိမြို့သစ်အနီးရှိ ရွာတော် စစ်ကြောရေးစခန်းတွင် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ ကိုယ်စားလှယ်ပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့သည်။
ပြည်ခိုင်ဖြိုးအနေဖြင့် စစ်အစိုးရ ကြေညာထားသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါတီဖွဲ့၍ ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးအနေဖြင့် မြို့နယ်တွင်းရှိ စာသင်ကျောင်းများသို့ စာသင်ခုံနှင့် ကျောက်သင်ပုန်းများ လှူဒါန်းခြင်း၊ ပျက်စီးယိုယွင်းနေသည့် ကျောင်းများ၊ လမ်းများ ပြုပြင်ခြင်း စသည့် လူထုအကျိုးပြု လုပ်ငန်းများကို အသင်း၏ ရန်ပုံငွေဖြင့် ကူညီပေးလျက်ရှိကြောင်း သိရသည်။
“၂ နှစ်ရှိပြီ။ ကျောင်းဖွင့်ရာသီအတွက် ထောက်ပံ့ရေးပစ္စည်းတွေ၊ ကျောက်သင်ပုန်းတို့၊ စာသင်ခုံတို့ လူကြီးတွေက ပေးခိုင်းလို့ ကျနော်တို့ ကူညီနေတာ။ နောက် ဥပဓိရုပ် မကောင်းတဲ့ ကျောင်းတွေကို ပြင်ပေးတာမျိုးပေါ့။ ဒီနှစ်ဆို တိုင်းမှူးက အမိုးမကောင်းတဲ့ ကျောင်းတွေ ပြင်ခိုင်းလို့ ပြင်ပေးရသေးတယ်” ဟု လယ်ဝေး ပြည်ခိုင်ဖြိုး အဖွဲ့ဝင်က ဆိုသည်။
အသင်းရန်ပုံငွေအဖြစ် မြို့နယ်အချို့တွင် ကားလိုင်းများ ပြေးဆွဲခြင်း၊ စျေးဆိုင်ခန်းများ ဆောက်လုပ်ရောင်းချခြင်း စသည့်တို့အပြင် ဝင်ငွေရှိသော ဝန်ကြီးဌာနများနှင့် ကုမ္ပဏီအချို့မှ ထည့်ဝင်သော အလှူငွေများမှ ရရှိကြောင်း သူက ပြောသည်။
၁၉၉၃ ခု ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် စစ်အစိုးရက မူကြမ်းရေးဆွဲရန် အမျိုးသားညီလာခံကို ခေါ်ယူပြီးနောက် ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင် ပြည်ခိုင်ဖြိုးကို အမျိုးသားရေး လုပ်ဆောင်မည့် အသင်းတခုအဖြစ် တရားဝင် မှတ်ပုံတင်ကာ ထိုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အသင်းနာယကတဦးမှာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်သည်။
ထိုင်းနယ်စပ် အခြေစိုက် မြန်မာစစ်အစိုးရအတိုက်အခံအဖွဲ့တခုဖြစ်သော ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD)က ထုတ်ဝေသော 'ပြည်ခိုင်ဖြိုး (သို့မဟုတ်) စစ်အာဏာရှင်စနစ်၏ ဒေါက်တိုင်များ' အမည်ရှိ စာအုပ်တွင် ပြည်ခိုင်ဖြိုး အသင်းဝင်များက ဒီပဲယင်း အရေးအခင်း နှင့် ပခုက္ကူမြို့ ရဟန်းသံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို လူမဆန်စွာ ပြုမူခဲ့ပုံများ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပြည်သူလူထုနှင့် ရဟန်းသံဃာများကို ရက်စက်စွာ နှိမ်နင်းဖြိုခွင်းခဲ့သည်များကို ရေးသားထားသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)