မဇ္ဈိမ (ချင်းမိုင်)။ ။ ဧရာဝတီတိုင်း ပုသိမ်ထောင်၌ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသူ ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးသည် အင်းစိန်ထောင်သို့ ယနေ့ ရောက်ရှိလာပြီ ဖြစ််ကြောင်း မျက်မြင်တဦးက ပြောသည်။
မမီးမီး (ခ) မသင်းသင်းအေးသည် ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။
“၁၂ နာရီ ၄၀ မှာ အင်းစိန်ရှေ့ကို ထောင်ကား လာရပ်တယ်။ ကားရပ်ထားတုန်း သူ့အမျိုးသားနဲ့ ခဏလေး စကားပြောလိုက်ရတယ်။ မမီးမီးက သူ့ကို ဘာကြောင့် ခေါ်လာတယ်ဆိုတာ မသိဘူး။ အထုပ်အပိုးတွေလည်း ပါလာတယ်လို့ ပြောတယ်တဲ့” ဟု သူက မဇ္စျိမကို ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီစျေးနှင့် ကုန်စျေးနှုန်း ကျဆင်းရေးအတွက် ရန်ကုန်တွင် လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးခံကြရပြီး၊ အောက်တိုဘာလတွင် မမီးမီးလည်း ဖမ်းဆီးခံလိုက်ရသည်။
အင်းစိန်ထောင်၌ တနှစ်ကျော်ကြာ ထိန်းသိမ်းပြီးနောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရားမဝင်အဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ အီလက်ထရောနစ် ပုဒ်မတို့ အပါအဝင် ပုဒ်မ အနည်းဆုံး ၅ ခုဖြင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသည်။
၁၉၉၆ ခုနှစ်ကလည်း အာဏာပိုင်များ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး သာယာဝတီထောင်တွင် ရ နှစ်ခန့် နေခဲ့ရစဉ်မှစ၍ ကုတ်ကျီးပေါင်းနှင့် လေးဘက်နာ ရောဂါများ ခံစားနေရကြောင်း သိရသည်။
ခင်ပွန်းဖြစ်သူ ကိုလှမိုးက “သူတို့ စိတ်တိုင်းကျ အမိန့်ချ၊ ထောင်တွေပြောင်း၊ လုပ်ချင်သလို လုပ်နေတာ ဘာထူးမှာလဲ။ ကျနော်တို့ မိသားစုတွေမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်တယ်ပေါ့ဗျာ။ သူ့အတွက်လည်း ကျန်းမာရေးက စိတ်ပူရတာပေါ့” ဟု မမီးမီးနှင့် မတွေ့ဆုံမီ အချိန်ပိုင်းအလို၌ အဆက်သွယ်ရခဲ့စဉ် မဇ္ဈိမကို ပြောသည်။
၈၈ မျိုးဆက်ကျောင်းသူ မမာမာဦးကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် သာယာဝတီထောင်မှ အင်းစိန်ထောင်သို့ ခေါ်ယူကာ ထပ်တိုးထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် နှစ် ရ၀ ဖြစ်သွားသည်။ သူ့ကိုလည်း ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း ရန်ကုန်မြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရကာ မျက်စိတဖက် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်နေသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်ကိုလည်း မန္တလေးထောင်သို့ ပြီးခဲ့သည့်လ ၃၀ရက်နေ့တွင် ပြောင်းရွှေ့လိုက်သည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်းစိန်ထောင်ရှေ့၌ ယခုနှစ် စက်တင်ဘာတွင် တကိုယ်တော် ဆန္ဒပြခဲ့သဖြင့် ထောင်ဒဏ် ၂ နှစ်ချခံရသူ လေတပ်အငြိမ်းစား ဗိုလ်ကြီး ဦးဇော်ညွန့်လည်း အင်းစိန်ထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း ခန္တီးထောင်သို့ ထောင်ဝင်စာ သွားတွေ့ခဲ့သူများထံမှ သိရှိရသည်။
(တည်းဖြတ် ကိုဝိုင်း)