နယူးဒေလီ။ ။ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် နာမည်ကြီး ဂီတဝိုင်း Iron Cross – IC က ယခုလ ၃ဝ-၃၁ ရက်နေ့များတွင် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးရှိ ကျောက်တိုင် ဘောလုံးကွင်းတွင် IC နှင့် အတူ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ဝိုင်ဝိုင်းက ဖျော်ဖြေသွားမည်ဟု Iron Cross Music Entertainment မှ တာဝန်ရှိသူတဦးက ပြောဆိုခြင်း ဖြစ်သည်။
“တောင်ကြီး တန်ဆောင်တိုင် ပွဲတော်မှာ အိုင်စီအဖွဲ့သားတွေက ၂ ရက်ဖျော်ဖြေသွားမှာပါ။ ၃၀ နဲ့ ၃၁ ရက်နေ့ခင်ဗျ။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။
လက်မှတ်တစောင်လျှင် ကျပ် ၅၀၀၀၊ ၉၀၀၀၊ ၁၂၀၀၀ နှင့် ၁၅၀၀၀ စျေးနှုန်းများ သတ်မှတ်ထားသည်။ တန်ဆောင်တိုင် ပွဲတော်ကို ယခုလ ၂၅ ရက်နေ့မှ လာမည့်လ ၂ ရက်နေ့အထိ ၉ ရက်ကြာ ကျင်းပသွားမည်။
ပွဲတော်သို့ မြန်မာတနိုင်ငံလုံးမှ လာရောက် ဆင်နွဲကြပြီး ရှမ်းပြည်နယ်တောင်ကြီးမြို့ အနီးတဝိုက်ရှိ ရွှေညောင်၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်း၊ ဟိုပုံး၊ မိုင်းပွန်၊ လွိုင်လင်၊ နမ့်စန်း၊ ပင်လုံ၊ မိုးနဲ၊ လဲချား၊ ဗထူးနှင့် ပင်းတယမြို့ အပါအဝင် ရှမ်းပြည်နယ်တခုလုံးနီးပါး လာရောက်လေ့ရှိသည်။
တောင်ကြီး တန်ဆောင်တိုင်တွင် လူအများစု လာရောက်ကြည့်ရှုသည့် ရပ်ကွက်အလိုက် ပြိုင်ဆိုင်သည့် မီးကျည်နှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲကို ပွဲတော်စတင်သည့် ယခုလ ၂၅ ရက်နေ့မှစ၍ တောင်ကြီးမြို့အစွန်ရှိ စောစီဘူတာ အနီးတွင် ကျင်းပလာခဲ့သည်။
မီးပုံးပျံပြိုင်ပွဲတွင် မီးကျည်နှင့် စိန်နားပန် ပြိုင်ပွဲဟူ၍ အမျိုးအစား ၂ ခုရှိပြီး ရပ်ကွက် အများစုမှာ ၂ မျိုးစလုံးကို မီးပုံးပျံ ၂ လုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသည်။ မီးပုံးပျံများကို ရပ်ကွက်အလိုက် အတီးအမှုတ်များဖြင့် ပြိုင်ပွဲကျင်းပရာသို့ စည်ကားသိုက်မြိုက်စွာ သယ်ဆောင်လေ့ရှိကြပြီး ည ရ နာရီတွင် ပြိုင်ပွဲစတင်သည်။
ယခုနှစ်တွင် မီးကျည်မီးပုံးပျံ ၅၅ လုံး၊ စိန်နားပန်မီးပုံးပျံ ၃၇ လုံးနှင့် ဆင်၊ ယုန်၊ ငါး၊ တိုးနယား၊ ငှက် စသည့် တိရစ္ဆာန်မီးပုံးပျံပေါင်း ၃၀၇ လုံး လွှတ်တင်မည်ဟု မြို့ခံတဦးက ဆိုသည်။
မီးကျည်နှင့် စိန်နားပန် မီးပုံးပျံများကို ညအချိန်တွင် လွှတ်တင်ပြီး၊ တိရစ္ဆာန်ရုပ် မီးပုံးပျံများကို နေ့ခင်းဘက်တွင် လွှတ်တင်လေ့ရှိသည်။
မီးကျည် မီးပုံးပျံပြိုင်ပွဲဆိုသည်မှာ မီးပုံးပျံအောက်ခြေတွင် မီးရှူးမီးပန်းများ ချိတ်ဆွဲကာ အထက်သို့ လွှတ်တင်လိုက်သည့် အချိန်အတွင်း ပေါက်ကွဲသည့် မီးပန်းများ၏ အရောင်အသွေး၊ အချိန်နှင့် ဒီဇိုင်းအလှ ပြိုင်ပွဲဖြစ်သည်။
စိန်နားပန် မီးပုံးပျံပြိုင်ပွဲမှာ မီးပုံးပျံ၏ ဘေးတဖက်တချက်နှင့် အောက်ခြေတွင် ဝါးနှီးဖျာလေးများဖြင့် ကွင်းကလေးများ ပြုလုပ်ပြီး၊ သေးငယ်သည့် ရောင်စုံမီးပုံးကလေးများ ချိတ်ဆွဲကာ စာသားများ၊ ရုပ်ပုံများကို ပုံဖော်သည့် မီးပုံးပျံ အလှပြိုင်ပွဲ ဖြစ်သည်။
ပြိုင်ပွဲ ၂ မျိုးစလုံးကို တန်ဆောင်မုန်းလပြည့်နေ့ ကျရောက်မည့် နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး၊ ၂ ရက်နေ့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ၅ ဆုကို ဒိုင်အဖွဲ့က ချီးမြှင့်မည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ်တွင် ဆုရွေးချယ်သည့် ဒိုင်အဖွဲ့က ပထမဆုကို ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲဝင် မီးပုံးပျံများကို တလခန့် အချိန်ယူပြုလုပ်ရပြီး တန်ဖိုးအားဖြင့် ကျပ် ၁၀ သိန်းနှင့်အထက်၊ အများဆုံး သိန်း ၂၀ ခန့်အထိပင် အကုန်ကျခံ၍ ပြိုင်ပွဲဝင်ကြသည်။
“ကျမတို့က ဒီပွဲကိုစောင့်နေတာ။ တနှစ်တခါ လုပ်တဲ့ပွဲဆိုတော့ ပျော်တာပေါ့။ မိုးလင်းပေါက်လည်တယ်။ ၉ နာရီ ၁၀ နာရီလောက်ဆို မီးပုံးပျံ ကောင်းပြီလေ။ အဲဒီကနေ ညနက်အထိပေါ့။ မနေ့ကဆို ၂ နာရီလောက်မှ ပြန်လာတယ်” ဟု ဒေသခံ တောင်ကြီးမြို့သူတဦးက မဇ္စျိမကို ပြောသည်။
ပွဲတော်နှင့်အတူ လောင်းကစားဝိုင်းများလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။
(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။)