သဘာဝ ဓာတ်ငွေ့လိုင်း ပျက်စီးသဖြင့် ရန်ကုန်တွင် ရေပြတ်လပ်ခဲ့

သဘာဝ ဓာတ်ငွေ့လိုင်း ပျက်စီးသဖြင့် ရန်ကုန်တွင် ရေပြတ်လပ်ခဲ့
ရန်ကုန်တိုင်း မြို့နယ် ၁၁ မြို့နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သုံးရေပြတ်လပ်ရခြင်းမှာ လျှပ်စစ်ဓာတ်အား မလုံလောက်သဖြင့် ရေတွန်းစက်များ မလည်ပတ်နိုင် ...

နယူးဒေလီ။     ။ ရန်ကုန်တိုင်း မြို့နယ် ၁၁ မြို့နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သုံးရေပြတ်လပ်ရခြင်းမှာ လျှပ်စစ်ဓာတ်အား မလုံလောက်သဖြင့် ရေတွန်းစက်များ မလည်ပတ်နိုင်ခြင်းကြောင့်ဟု ရန်ကုန်စည်ပင်က ယနေ့ ပြောဆိုသည်။

ရန်ကုန်မြို့တွင် ကမ်းလွန် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်နေသော လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပေးပို့နေသည့် မွန်ပြည်နယ် လမိုင်းမြို့နယ်အတွင်းမှ ဓာတ်ငွေ့ပိုက်လိုင်းသည် ပြီးခဲ့သည့်လ ၁၉ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် ပျက်စီးခဲ့ခြင်းကြောင့် ဓာတ်ငွေ့ မပေးပို့နိုင်ရာမှ စက်ရုံများ မလည်ပတ်နိုင်သဖြင့် လုံလောက်သည့် လျှပ်စစ်အား မရခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခြင်း ဖြစ်သည်။

“အီးပီစီက ဂက်စ်လိုင်းပေါက်လို့ ပြင်နေတာ။ ကျနော်တို့ဆီကို မီးမပေးနိုင်လို့ စက်တွေ မမောင်းနိုင်ဘူး။ စက်တွေအားလုံး ကောင်းပါတယ်။ မီးအား မပြည့်လို့ပါ” ဟု ရန်ကုန်စည်ပင်မှ အမည်မဖော်လိုသည့် တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။

ကမ်းလွန် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်နေသော ရန်ကုန်တိုင်း လှော်ကား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ တာဝန်ရှိသူတဦးကလည်း အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း ပျက်စီးခဲ့သည်ဟူ၍ အတည်ပြု ပြောဆိုလိုက်ပြီး၊ သူက “အဲဒီပိုက်လိုင်းက ရန်ကုန်မြို့က ဓာတ်ငွေ့သုံးစက်ရုံတွေကို ပို့ပေးနေတဲ့ ပိုက်လိုင်းပါ” ဟု ဆက်ပြောသည်။

ရန်ကုန်တွင် ကမ်းလွန် သဘာဝဓာတ်ငွေ့ အသုံးပြုသည့် သာကေတ၊ ရွာမနှင့် လှော်ကား လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၃ ရုံရှိပြီး၊ ကုန်းတွင်း သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်သည့် အလုံစက်ရုံနှင့် နိုင်ငံပိုင် ရေအားလျှပ်စစ် စက်ရုံကလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးလျက်ရှိသည်။

ဖူးကြီး၊ လှော်ကား၊ ဂျိုးဖြူနှင့် ငမိုးရိပ် စသည့် ရေလှောင်ကန်များမှ ရန်ကုန်သို့ နေ့စဉ် ရေဂါလံ သန်း ၁၄ဝ ကျော် ပေးဝေလျက်ရှိရာ ဂျိုးဖြူရေလှောင်ကန်တခုသာ ရေတွန်းစက်မလိုဘဲ ရေပေးဝေနိုင်ပြီး ကျန်ရေလှောင်ကန်များမှာ ရေတွန်းစက်အသုံးပြု၍ ပေးဝေရကြောင်း စည်ပင်မှတ်တမ်းများအရ သိရသည်။

မြို့တွင်းဧရိယာများ၊ ပင်မပိုက်လိုင်းနှင့် အလှမ်းဝေးသော နေရာများသို့ ကမ္ဘာအေး ရေတွန်းစက်ရုံမှ ရေတွန်းစက် ၃ လုံး၊ ငမိုးရိပ် ရေပေးဝေရေးစခန်း (ညောင်နှစ်ပင်) မှ ၃ လုံး၊ လှော်ကားမှ ၂ လုံးတို့ဖြင့် ရေတွန်းပို့လျက်ရှိသည်။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက လျှပ်စစ်မီး ပြတ်တောက်စဉ် ရေတွန်းစက်ရုံများ လည်ပတ်နိုင်ခြင်း မရှိသဖြင့် မြို့နယ်အချို့တွင် ရေပြတ်တောက်မှု ဖြစ်ပေါ်ရကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းက ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစောင်သို့ ပြောကြားခဲ့သည်။

ရေတွန်းစက်ရုံများမှ ရေမလွှတ်နိုင်သဖြင့် သုံးရေပြတ်လပ်ခဲ့သော မြို့နယ်များမှာ လသာ၊ ကျောက်တံတား၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ ပုစွန်တောင်၊ စမ်းချောင်း၊ တာမွေ၊ ပန်းဘဲတန်း၊ ရန်ကင်း၊ ကြည့်မြင်တိုင်နှင့် ကမာရွတ် ဖြစ်သည်။

အဆိုပါ မြို့နယ်များတွင် အနည်းဆုံး ၂ ရက်မှ ၅ ရက်အထိ သုံးရေမရရှိသဖြင့်၊ ရေတဘူးလျှင် ကျပ် ၅၀၀ ဖြင့်လည်းကောင်း၊ ရေတစည်လျှင် ကျပ် ၁၅ဝဝ ဖြင့်လည်းကောင်း ဒေသခံများက ဝယ်ယူသုံးစွဲခဲ့ရသည်။ အချို့မှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် ကိုယ်ပိုင်အဝီစိတွင်းရှိသည့် မိတ်ဆွေအိမ်များတွင် ရေပုံးများဖြင့် သယ်ယူသုံးစွဲခဲ့ရပြီး အချို့မှာ ရေတင်ရန် ကြိုးစားရင်း လျှပ်စစ်မော်တာအချို့ပင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် ၂၀၀၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း သုံးရေပြတ်တောက်မှု ကြံုတွေ့ခဲ့သေးသော်လည်း ယခုတကြိမ်သည် အချိန်အကြာဆုံး ဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။)