နယူးဒေလီ (မဇ္ဈိမ)။ ။ မျှတစွာ အားလုံးကို တွေ့ဆုံသည့်အနေဖြင့် ရန်ကုန်ရှိ အမေရိကန်သံရုံး တာဝန်ခံသံမှူး မစ္စတာ လာရီ အမ် ဒင်းဂါး (Larry M. Dinger) သည် စစ်အစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦးနှင့် ပြီးခဲ့သည့် အပတ်က တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံမှုသည် အမေရိကန် သံတမန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ရုံးတွင် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံအပြီး ၃ ရက်အကြာတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ အဆိုအရ စစ်အစိုးရ ကျောထောက် နောက်ခံပေးထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးဌေးဦးသည် မစ္စတာ ဒင်းဂါးကို ယခုလ ၂၄ ရက်နေ့က လက်ခံတွေ့ဆုံခဲ့သည်ဟု ဖော်ပြရေးသားထားသည်။
သတင်းစာထဲတွင် ဦးဌေးဦးနှင့် မစ္စတာ ဒင်းဂါးအကြား မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။
NLD ဗဟို အလုပ်အမှုဆောင်များနှင့် တွေ့ဆုံရာတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ်ကင်းဘဲလ် (Kurt Campbell) လာရောက်မည့် ခရီးစဉ်အတွက် ပြင်ဆင်သည့် အနေဖြင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန် မူဝါဒသစ်တို့ကို ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဆွေးနွေးခဲ့သည်။
မစ္စတာကင်းဘဲလ် မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည့် အကြောင်း သူတို့ကို အသိပေး ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒသစ်အပေါ် NLD ၏ သဘောထားကိုလည်း မေးမြန်းခဲ့သည်ဟု NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။
မြန်မာနိုင်ငံအပေါ် ထားရှိမည့် မူဝါဒသစ်ကို အမေရိကန်နိုင်ငံက ပြီးခဲ့သည့်လအတွင်း ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းမူဝါဒသစ်အရ ရှိရင်းစွဲ ဒဏ်ခတ် အရေးယူမှုများကို ဆက်လက်ထားရှိပြီး စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမည့် မူဝါဒကို စတင် ကျင့်သုံးသွားမည်။
ပထမဆုံးအနေဖြင့် မစ္စတာ ကင်းဘဲလ်သည် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းနှင့် နယူးယောက်မြို့တွင် ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။
အချက်အလက်ရှာဖွေသည့် ခရီးစဉ်အနေဖြင့် သူသည် မြန်မာနို်င်ငံသို့ နောက်ရက်သတ္တပတ် အနည်းငယ်အတွင်း သွားရောက်ရန် ရည်ရွယ် ထားကြောင်း နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာပွဲတွင် မစ္စတာ ကင်းဘဲလ်က ပြောကြားခဲ့သည်။
''ဤခရီးစဉ်အတွင်း မြန်မာအစိုးရ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးလေးကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဒီမိုကရေစီ အတိုက်အခံများနှင့် တွေ့ဆုံ၍ စကားပြောဆိုသွားမည်'' ဟု မစ္စတာ ကင်းဘဲလ်က ပြောသည်။
မြန်မာဗိုလ်ချုပ်ကြီးများအပေါ် တင်းကျပ်သော ဒဏ်ခတ်အရေးယူမှုများ ဆက်လက်ထားရှိသည့် အမေရိကန်၏ စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒသစ်ကို စစ်အစိုးရ၏ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများက လက်ခံ ကြိုဆိုလိုက်သည်။
ယင်းသည် စစ်အစိုးရအတွက် ရှားရှားပါးပါး အခွင့်အလမ်းတရပ် ဖြစ်သည်ဟု ထိုင်းနို်င်ငံတွင် ၂ ရက်ကြာ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေး အပြီး ယမန်နေ့က ပြောကြားခဲ့သည်။
ထိုထိပ်သီး အစည်းအဝေးအတွင်း မြန်မာ ဝန်ကြီးချုပ်က ၂၀၁၀ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများသည် လွတ်လပ်မျှတ မည်ဟူ၍ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက် နိုင်ငံများကို အာမခံ ပြောကြားခဲ့သည်ဟု ဆိုသည်။
အကယ်၍ သူမဘက်က `သဘောထားမှန်´ ပါက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် အကျယ်ချုပ် စည်းကမ်းချက်များကို လျှော့ပေါ့ပေးမည်ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။
သို့သော် ဝေဖန်သူများကမူ ယင်းသည် နိုင်ငံတကာဖိအားများ လျော့ကျရန်အလို့ငှာ ပြုလုပ်သည့် စစ်အစိုးရ၏ နောက်ထပ် ပရိယာယ် တရပ်မျှသာ ဖြစ်ကြောင်း ပြောဆိုကြသည်။