ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ခွင့် လိုင်စင်လျှောက်ရမည်

ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ခွင့် လိုင်စင်လျှောက်ရမည်
by -
ဖနိဒါ
စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ခွင့် လိုင်စင်များကို လာမည့်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အကြား လျှောက်ခွင့်ပြု ...

မဇ္ဈိမ(ချင်းမိုင်)။      ။ စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ခွင့် လိုင်စင်များကို လာမည့်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အကြား လျှောက်ခွင့်ပြုလိုက်ကြောင်း ဆရာဝန်များက ပြောသည်။

၂၀၀၇ ခုနှစ် ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဥပဒေအရ ကျန်းမာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိက အထွေထွေနှင့် အထူးကု ဆေးခန်း၊ ဆေးရုံများ ဖွင့်လှစ်ခွင့် လိုင်စင်များ လျှောက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ယခင်က လိုင်စင်ရှိပြီး သူများလည်း အသစ်ပြန်လျှောက်ရမည်။

“အခုအကုန်လုံး ပြန်ပြီး လိုင်စင်အသစ် လုပ်ရမယ်။ နိုဝင်ဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာလကုန်အထိ လုပ်ရမယ်။ မွေးရုံရှိရင် ဆေးခန်းအဖြစ် သတ်မှတ်ထားတယ်။ သူတို့ပြောတာက ၂၀၀၇ ခုနှစ်ကတည်းက ဥပဒေ ထုတ်ပြန်ထားတယ်လို့ ပြောတာပဲ။ တကယ် အသက်ဝင်တာက ဒီနှစ်မှ စလုပ်တာလို့ ပြောတာပဲ” ဟု ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်မှ အထွေထွေကု ဆရာဝန်တဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ်များက ဆရာဝန်တဦးရှိ အထွေထွေရောဂါကု ဆေးခန်းဖွင့်ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ တနှစ်လျှင် တကြိမ် ပေးသွင်းရသော လိုင်စင်ကြေးမှာ ကျပ် ၁၀၀၀ ဝန်းကျင်သာရှိပြီး ယခုမူ ကျပ် ၃ သောင်းသို့ တိုးမြှင့် လိုက်သည်။

လိုင်စင်အသစ် လျှောက်ထားရာတွင် ဆရာဝန်တဦးရှိ ဆေးခန်းအတွက် နှစ်စဉ် သက်တမ်းတိုးကြေးသည် ကျပ် ၁ သောင်းခွဲ ပေးဆောင်ရမည် ဖြစ်ပြီး၊ ဆရာဝန် ၄ ဦးအထက်အတွက် လိုင်စင်ကြေးမှာ ကျပ် ၁ သိန်းဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးကြေးမှာမူ ကျပ် ၅ သောင်း ဖြစ်သည်။

ပုဂ္ဂလိက ဆေးရုံများ ဖွင့်လှစ်ရာတွင် ဆေးရုံရှိ ကုတင်အရေအတွက်ပေါ် မူတည်ကာ နှစ်စဉ်ကြေးနှင့် လိုင်စင်ကြေးများ ပေးဆောင်ရမည် ဖြစ်ပြီး၊ နှစ်စဉ် သက်တမ်းတိုးကြေး ကျပ် ၂ သိန်းခွဲ အနည်းဆုံး သတ်မှတ်ထားကြောင်းနှင့် ကုတင် ၁၀၀ အထက်ရှိ ဆေးရုံများတွင် လိုင်စင်ကြေး သိန်း ၂၀၊ နှစ်စဉ်ကြေး ၁၀ သိန်း ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများသည် အစိုးရ ဆေးရုံများထက် ကုန်ကျစရိတ် ပိုများသော်လည်း လူနာများကို ဂရုစိုက်မှုနှင့် ကုသမှုတွင် ကွာခြားသဖြင့် ယခုကဲ့သို့ လိုင်စင်များ ချပေးမည်ဆိုသည်ကို ကြိုဆိုကြောင်း နိုင်ငံကျော်မင်းသား ဦးကျော်သူ ဦးဆောင်သည့် သုခကုသိုလ်ဖြစ် ဆေးခန်းမှ ဆရာဝန်တဦးက ပြောသည်။

“အစိုးရ ဆေးရုံတက်မယ်ဆိုရင် အားလုံးသိတဲ့ အတိုင်းပဲ ကိုယ့်ဟာကို အပြင်မှာ ဆေးဝယ်ရတာဘဲ။ ပုဂ္ဂလိက ဆေးရုံနဲ့က ဥပမာ အာရှတော်ဝင်တို့ ဆိုတာက ၁၀၀ ရာခိုင်နှုန်း ကွာခြားပါတယ်။ ကုန်ကျစရိတ်ရော၊ ကုသမှုရောပေါ့နော်။ အထူးကု ဆေးခန်းမှာဆိုရင် ရောက်တာနဲ့ သွေးဖောက်စစ်တယ်။ သွေးစစ်ခ ၃ သောင်းလောက် ကုန်မှာပဲ” ဟု သုခဆေးခန်းမှ ဒေါက်တာမြင့်ဇော်ဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ ပုဂ္ဂလိကဆေးရုံ၊ အထူးကုဆေးရုံများ လုပ်ကိုင်ခွင့် ရရှိရန်အတွက် လူနာစောင့်ခန်း၊ လူနာစစ် ဆေးခန်း၊ ဓါတ်ခွဲခန်း၊ ဆေးပေးခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ရိုက်ခန်း စသည့် ဆေးရုံအင်္ဂါ ၂၁ ရပ်နှင့် ပြည့်စုံမှသာ ကျန်းမာရေး ဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးမည်ဟု သိရသည်။

၂၀၁၀ ခုနှစ်မှစ၍ ကျန်းမာရေးဝန်ကြီးဌာနက  ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းလိုင်စင်များကို တရားဝင် ချထားပေးမည် ဖြစ်ပြီး လိုင်စင်မရှိဘဲ ဖွင့်လှစ်ပါက အနည်းဆုံး ထောင်ဒဏ် တလ၊ အများဆုံး ၅ နှစ်ထိ ကျခံရနိုင်ကြောင်း ယခင် အပတ်ထုတ် ရန်ကုန်အခြေစိုက် The Voice ဂျာနယ်တွင် ဖော်ပြထားသည်။

လိုင်စင်လျှောက်လွာ ပုံစံများကို တစောင်လျှင် ကျပ် ၂၀၀၀ ဖြင့် ရန်ကုန်တိုင်း မြို့နယ်ကျန်းမာရေး ဌာနများတွင် စတင် ရောင်းချပေးနေပြီ ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ကျန်းမာရေးရုံးမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။