နယူးဒေလီ။ ။ မြန်မာနိုင်ငံတွင် ပထမဆုံး ပြိုင်ကားကွင်းကို ပုဂ္ဂလိက ကုမ္ပဏီတခုက ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်၌ ယခုလ ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားသည်။
Galaxy Racing Karts Ground အမည်ရှိ ပြိုင်ကားကွင်းကို သင်္ကန်းကျွန်းမြို့ ဝေဇယန္တာလမ်းရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်MFF ရုံး အနီး၌ ရွှေပုံ့ပုံ့ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
“၃၀ ရက်နေ့ဖွင့်ဖို့ ရည်မှန်းထားပါတယ်။ ဖွင့်ဖို့ ၉၉ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ နိုင်ငံတကာ စံချိန်စံညွန်းနဲ့အညီ ကျနော်တို့ လုပ်ထားပါတယ်” ဟု ရွှေပုံ့ပုံ့ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်အောင်မြင့်က မဇ္စျိမကို ပြောသည်။
စစ်အစိုးရ အားကစားဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတဦးကလည်း အားကစားကွင်းများ တည်ဆောက်နေသည့် ရွှေပုံ့ပုံ့ကုမ္ပဏီနှင့် လွန်ခဲ့သည့် ၂ လခန့်ကတည်းက စတင်၍ ကားပြိုင်ကွင်းအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောသည်။
သူက “အဲဒီကွင်းက ကျနော်တို့ ဝန်ကြီးဌာနနဲ့ ရွှေပုံ့ပုံ့ကုမ္ပဏီနဲ့ လွန်ခဲ့တဲ့ ၂ လလောက်ကစပြီး အကျိုးတူ ပူးပေါင်းလုပ်ဆောင်တာပါ။ ဘယ်အချိန် အထိ ဆက်လုပ်မယ်ဆိုတာကတော့ ပြောခွင့်မရှိပါဘူး” ဟု မဇ္စျိမကို ပြောသည်။ ထို့အပြင် ကားမောင်းခြင်းသည် အားကစားတခု ဖြစ်သဖြင့် ယခုကားပြိုင်ကွင်းကို မိမိတို့ ဝန်ကြီးဌာန လက်အောက်တွင် ထားရှိမည်ဟု သူက ဆိုသည်။
ကွင်းအတွင်း မောင်းနှင်ရန် တနာရီလျှင် မိုင် ၈၀ အထိမောင်းနှင်နိုင်သည့် အသေးစား ပြိုင်ကားအစီး ၂၀ ကို ဂျပန်နိုင်ငံမှ မှာယူခဲ့ပြီး၊ ယခုအခါ မောင်းနှင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ကျနော်တို့မှာ ရည်ရွယ်ချက် ၂ ခု ရှိတယ်။ တခုကတော့ Entertainment (ဖျော်ဖြေရေး) သဘောမျိုးနဲ့ ပြည်သူလူထုကို အပန်းဖြေ အနားယူစရာ နေရာတခုအဖြစ်ပေါ့။ ” ဟု ဦးတင်အောင်မြင့်က ပြောသည်။
ကွင်းတခုလုံးသည် ၆ ဒဿမ ၅ ဧက ကျယ်ဝန်းရာ ကတ္တရာခင်းထားသည့် ကားပြေးလမ်းတလျှောက် အကွေ့အကောက်များ ဖန်တီးထားသည်။
ပြိုင်ကားမောင်းလိုသူများကို အသက် ၆ နှစ်မှ ၁၂ နှစ်အထိနှင့် ၁၂ နှစ်မှ ၁၈ နှစ်အထိ ခွဲခြားကာ ဗိုလ်တထောင်မြို့နယ်ရှိ ရွှေပုံ့ပုံ့ကုမ္ပဏီမှ သင်တန်း ၂ မျိုး သင်ကြားပေးမည် ဖြစ်ပြီး၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူးချုပ်ရုံးမှ အသိအမှတ်ပြု ယာဉ်မောင်းလိုင်စင် ရရှိပြီးသည့် အသက် ၁၈ နှစ်အထက် မည်သူမဆို ဝင်ရောက် မောင်းနှင် နိုင်သည်။
မောင်းနှင်သူများအတွက် မြန်မာ့အာမခံ လုပ်ငန်းနှင့် ချိတ်ဆက်၍ အာမခံအချို့ထားရှိရန် စီစဉ်ထားကြောင်း သိရသည်။
“ကျနော်တို့ကို လာရောက် ဆက်သွယ်တာ ရှိပါတယ်။ အာမခံ ထားဖို့ပေါ့နော်။ ဒါပေမဲ့ ဘာအတွက်ထားမယ် ဆိုတာတော့ မညှိနှိုင်းရသေးပါဘူး” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။
ပြိုင်ကားမောင်းသူကို ဝတ်စုံအပြည့်နှင့် မောင်းနှင်နိုင်ရန် စီစဉ်ထားပြီး နံနက် ရ နာရီမှ ည ၁၀ နာရီအထိ ကွင်းဖွင့်ထားမည် ဖြစ်ကာ၊ အတွေ့အကြံုရှိသည့် နည်းပြများ ကွင်းအတွင်း ထားရှိပြီး ပြိိုင်ကားမောင်း မကျွမ်းကျင်သူဆိုလျှင် နည်းပြတဦးနှင့်အတူ ကြီးကြပ် မောင်းနှင်ရမည်။
ပြိုင်ကားဝင်းအတွင်းတွင် လာရောက်မောင်းနှင်သူ အပန်းဖြေသူများအတွက် ကော်ဖီဆိုင်၊ ဘားနှင့်စားသောက်ဆိုင်များ ဖွင့်လှစ်ရန် စီစဉ်ထားပြီး Wi-Max (တယ်လီဖုန်းလိုင်း မလိုသည့် ကွန်ပြူတာ ၁၂ လုံးအထိ အသုံးပြုနိုင်သောစနစ်) ဖြင့် အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်ပေးသွားမည်။
ကွင်းတည်ဆောက်ရာတွင် ရင်းနှီးမြှပ်နှံရသည့် ကုန်ကျစရိတ်၊ ကွင်းဝင်ကြေး၊ သင်တန်းပေးခြင်းနှင့် အခြားသော အသေးစိတ် အချက်အလက်များကို ရွှေပုံ့ပုံ့ ကုမ္ပဏီက ပြောဆိုရန် ငြင်းဆိုခဲ့ပြီး၊ ယခုလ ၂၃ ရက်နေ့တွင် သတင်းမီဒီယာများကို ခေါ်ယူ၍ ပြိုင်ကားကွင်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ရန် စီစဉ်ထားသည်။
(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။)