အာဆမ် ရိုင်ဖယ်တပ်ကို မြန်မာနယ်စပ်အနီး တိုး၍ တပ်စွဲရန် အမိန့်ပေးထား

အာဆမ် ရိုင်ဖယ်တပ်ကို မြန်မာနယ်စပ်အနီး တိုး၍ တပ်စွဲရန် အမိန့်ပေးထား
by -
ဆလိုင်းပီပီ
အိန္ဒိယအရှေ့မြောက်တွင် တပ်စွဲထားသော အာဆမ်ရိုင်ဖယ် စစ်တပ်ကို မြန်မာနယ်စပ်အနီး တိုး၍ တပ်စွဲရန် ပြည်ထဲရေး ဝန်ကြီးဌာနက အမိန့်ပေးထားသည်။ လက်နက်ကိုင် လှုပ်ရှားမှု ...

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယအရှေ့မြောက်တွင် တပ်စွဲထားသော အာဆမ်ရိုင်ဖယ် စစ်တပ်ကို မြန်မာနယ်စပ်အနီး တိုး၍ တပ်စွဲရန် ပြည်ထဲရေး ဝန်ကြီးဌာနက အမိန့်ပေးထားသည်။ လက်နက်ကိုင် လှုပ်ရှားမှု အပါအဝင် တရားမဝင် လုပ်ရပ်များ ထိန်းချုပ် တားဆီးရန်နှင့် စစ်ဆင်ရေးများ အရှိန်မြှင့် ဆောင်ရွက်ရန် ဖြစ်သည်ဟု အိန္ဒိယ မီဒီယာက တနင်္ဂနွေနေ့တွင် ရေးသားဖော်ပြခဲ့သည်။

၁၆၃၁ ကီလိုမီတာရှည်၍ အလွယ်တကူ စိမ့်ဝင်ထိုးဖောက်နိုင်သော အိန္ဒိယ-မြန်မာနယ်စပ်တွင် တပ်စွဲ နေရာယူထားသော ထိုတပ်ဖွဲ့ကို နယ်စပ်ဖြတ်ကျော် လုပ်ငန်းများဖြစ်သော လက်နက်ကို်င် ထကြွမှုများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုများကို ကာကွယ် တားဆီးနိုင်ရေးအတွက် ထိုသို့ နယ်စပ်အနီး တိုး၍ တပ်စွဲထားရန် အမိန့်ပေး ညွှန်ကြားလိုက်ခြင်း ဖြစ်သည်ဟု အိန္ဒိယသတင်းဌာန Press Trust of India – PTI က ရေးသားထားသည်။

''စစ်သွေးကြွတွေ၊ မှောင်ခိုသမားတွေ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားလို့ မရအောင် နယ်စပ်အနီး တိုးပြီး တပ်စွဲထားဖို့ ကျနော်တို့ အာဆမ်ရိုင်ဖယ်ကို ညွှန်ကြားထားပါတယ်'' ဟု ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိတဦးကို ကိုးကားပြီး သတင်းတခုက ဆိုသည်။

ဤသို့ အိန္ဒိယစစ်တပ်ဖွဲ့ကို ညွှန်ကြားလိုက်ခြင်းသည် အိန္ဒိယကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီပတ်ကပူး Deepak Kapoor သည် ယခုလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြန်မာနိုင်ငံသို့ ၃ ရက်ကြာ သွားရောက် လည်ပတ်အပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း သူသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ စစ်တပ်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး ဒီပတ်ကပူး မြန်မာနိုင်ငံ ခရီးစဉ် မစတင်မီ အာဆမ်ပြည်နယ် မြို့တော် ဂိုဟားသီး Guwahati တွင် ပြည်ထဲရေး ဝန်ကြီးဌာန အတွင်းဝန်များ၊ အိန္ဒိယအရှေ့မြောက် ပြည်နယ်များရှိ ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံကာ ထိရောက်သော သောင်းကျန်းမှု ဆန့်ကျင်ရေး စစ်ဆင်ရေးများ စီစဉ်လုပ်ဆောင်ရန် နှစ်ဘက် သဘောတူညီခဲ့ကြသည်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ သတင်းရပ်ကွက်များကမူ နယ်စပ်၌ စစ်ရေးပြင်ဆင်မှု လုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်သည်ကို မတွေ့ရသေးသော် လည်း အာဆမ် ရိုင်ဖယ်တပ်ရင်းများ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များရှိ မြန်မာ နယ်စပ်ဒေသများသို့ ပိုမိုနီးကပ်စွာ နေရာယူလာကြသည်ကို တွေ့ရသည်ဟု ဆိုသည်။ သူတို့သည် နယ်စပ်မှ  ၅ မိုင်အကွာတွင် ထိုသို့ နေရာယူ တပ်စွဲလာကြခြင်း ဖြစ်သည်။

''အရင်တုန်းက နယ်စပ်စခန်းမှာ စစ်သား ၂၀ လောက်ပဲ ရှိတယ်။ အခုတော့ စခန်းတခုကို တပ်သား အနည်းဆုံး ၅၀ လောက် တပ်စွဲလာတာကို တွေ့ရတယ်''ဟု သတင်းရပ်ကွက်က ပြောသည်။

''နယ်စပ်မှာ ကင်းလှည့်တာတွေလည်း တိုးလုပ်လာတယ်'' ဟု သူက ဆက်လက် ပြောကြားသည်။

ယခုလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော လှုပ်ရှား စစ်ဆင်ရေးတခုအတွင်း United National Liberation Front - UNLF တပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးရမိခဲ့သည်ဟု အာဆမ်ရိုင်ဖယ်က ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဆိုထားသည်။

ယင်းသို့ ဖမ်းမိခဲ့သည့်နေရာမှာ နှစ်နိုင်ငံ နယ်စပ်အနီး မဏိပူပြည်နယ် ချန်ဒယ် (Chandel) ခရိုင်၊ ဝေခေါင်း (Waikhong) အနီးတွင် ဖြစ်သည်။

အရှေ့မြောက်ဒေသရှိ သူပုန်များကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ရေးအတွက် အိန္ဒိယ အစိုးရသည် မြန်မာစစ်တပ်ထံမှ မကြာခဏ အကူအညီ ရယူခဲ့သည်။

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တစိတ်တပိုင်းအနေနှင့် မြန်မာနှင့် အိန္ဒိယ စစ်တပ်သည် ပုံမှန်ပင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကာ အရှေ့မြောက် လက်နက်ကိုင် လှုပ်ရှားမှုများ အပါအဝင် နယ်စပ်လုံခြံုမှု စီမံခန့်ခွဲရေး ကိစ္စများကို ဆွေးနွေးကြသည်။

၃၇ ကြိမ်မြောက် ၆ လတကြိမ် တွေ့ဆုံပွဲကို မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ကလေးမြို့တွင် သြဂုတ်လ နှောင်းပိုင်းက ကျင်းပခဲ့သည်။