ရန်ကုုန် (မဇ္ဈိမ)။ ။ ပြည်ပတင်ပို့သော ကုမ္ပဏီများမှ ဝယ်ယူအား များပြားနေမှုကြောင့် ဆန်စျေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်လတ် စျေးနှုန်းများ မြင့်တက်နေကြောင်း တွေ့ရှိရသည်။
မြန်မာနုုိင်ငံ ဆန်စပါး ကုုန်သည်များအသင်း ပေါက်စျေးအရ ဇူလိုင်လအထိ စိန်၊ ပေါ်ကျွဲစသော ဇီယာအုပ်စုဝင် ဆန်ကြမ်းနှင့် ဆန်လတ် စျေးနှုန်းများမှာ တတင်းခွဲဝင် ဆန်တအိတ် (၂၄ပြည်-၁၀၈ ပေါင်)လျှင် ကျပ် (၁၂၀၀၀) ဝန်းကျင်သာ ရှိခဲ့ရာမှ သြဂုတ်လဆန်းတွင် ကျပ် (၁၄၅၀၀) ဝန်းကျင် ရောက်ရှိခဲ့သည်။ နောက်ပိုင်းတွင် ဆက်တိုက် ဝယ်လိုအား များလာသဖြင့် စျေးနှုန်း တအိအိမြင့်တက်ကာ ယနေ့အချိန်တွင် ကျပ်(၁၇၅၀၀-၁၈၀၀၀) ဝန်းကျင်ခန့်အထိ ရောက်ရှိလာသည်။
`အိတ်စပို့က တောက်လျှောက် ဆွဲနေတယ်။ ဆန်ကြမ်းစျေးတက်တော့ ပေါ်ကျွဲလို ဆန်လတ်စျေးကလည်း လိုက်လာတယ်။ ဒီနှစ် မိုးတောက် လျှောက် ဖျက်နေလို့ ဆန်သစ်ပေါ်တာလည်း နည်းနည်း နောက်ကျသွားတယ်။ `ဟု ဆန်စပါး ကုန်စည်ဒိုင်မှ မြောင်းမြ ဆန်ကုန်သည် တဦးက ပြောသည်။
`ပေါ်ဆန်းမွှေးလို ဆန်ကောင်းတွေက ပုံမှန်စပါးပေါ်ချိန်၊ ဆန်စျေးတက်ချိန် အတိုင်းပဲ အတက်အကျ ရှိပါတယ်။ ဆန်ကြမ်းစျေးက အိတ်စပို့ ဝယ်အားအပေါ် အဓိက မူတည်ပါတယ်။ လောလောဆယ် ဆန်ကြမ်းစျေးတက်တော့။ ဆန်ကွဲစျေးတွေပါ လိုက်တက်လာတယ်” ဟုု ပြောသည်။
ပုံုမှန်အားဖြင့် ဆန်စျေးမှာ- ဘုရင့်နောင် ကုန်စည်ဒိုင်တွင် တအိတ် ကျပ်တထောင့်ငါးရာခန့် စျေးပိုသွားပြီး ပြင်ပလက်လီ စျေးကွက်သို့ ရောက်ရှိ ချိန်တွင် တိုး၍မြင့်မားသွားသည်။
`အရင်က အနိမ့်ဆုံး ဆန်ကြမ်းက တပြည် (၅၅၀-၆၀၀) ကနေ (၇၀၀) လောက်နဲ့ ရောင်းပါတယ်။ ပုံမှန်က ဆန်ကြမ်းစျေးက အမြင့်ဆုံး (၁၃၀၀၀-၁၄၀၀၀)လောက်ပဲ အရောက်ပို့စျေးနဲ့ ဝယ်ရတာကိုး။ ပုံမှန်တော့ (၁၀၀၀၀) ကနေ (၁၂၀၀၀) ကြားပဲလေ။ ဒီနေ့ ကျနော်ဝယ်တာ (၁၇၅၀၀) အရောက်ပို့။ အနည်းဆုံး တပြည် (၉၀၀)နဲ့ (၁၀၀၀) ကြားမှာ ပြန်ရောင်းမှ ကိုက်တော့မယ်။`ဟု ကမာရွတ် ဘူတာရုံလမ်းမှ ဆန်လက်လီဆိုင်တခု က ပြောသည်။
တတင်းခွဲဝင် ဆန်တအိတ်၏ စျေးနှုန်းသည် ဆန်ကုန်စည်ဒိုင်မှ လက်လီ ဆန်ဆိုင်များသို့ ရောက်ရှိချိန်တွင် ကျပ်(၃၀၀၀)မှ ကျပ်(၅၀၀၀) အကြား စျေးနှုန်း မြင့်တက်သွားကြောင်း တွေ့ရှိရသည်။
ဆန်ကြမ်း၊ ဆန်လတ်နှင့် ဆန်ကွဲများ စျေးတက်နေသော်လည်း ပေါ်ဆန်းမွှေး ကဲ့သို့သော ဆန်ကောင်းများမှာ တအိတ် ၂၆၀၀၀ ကျပ် ပတ်ဝန်းကျင်ဖြင့် စျေးနှုန်း တည်ငြိမ်လျှက်ရှိပြီး အရောင်းအဝယ် ခပ်အေးအေးပင် ရှိနေသည်ဟု ဆန်ကုန်စည်ဒိုင်မှ ကုန်သည်တဦးက ဆိုသည်။
`၀ယ်စားတဲ့ သူတွေဘက်က ကြည့်ရင်တော့ ဆန်စျေးတက်တာ မကောင်းဘူးပေါ့ဗျာ။ အဓိကစားတဲ့ သူတွေက အခြေခံ လူတန်းစားတွေ များတာ ကိုး။ လူလတ်တန်းစားတွေလဲ စားကြပါတယ်။ ဒါပေမယ့် လယ်သမားတွေဘက်က ပြန်ကြည့်ရင်တော့ စပါးပေါ်ချိန်မှာ ဆန်စျေးတက်တာ ကောင်း တာပေါ့ဗျာ။ ဧရာဝတီတိုင်းဘက်က လယ်သမားတွေက ပိုဆိုးတယ်။ နာဂစ် ပြီးကတည်းက ပြန်စိုက်တဲ့ လယ်တွေက မအောင်။ စပါးထွက်နည်း ရတဲ့အထဲ စပါးပေါ်ချိန်ကြတော့ စပါးစျေးကျပြီး အားလုံး အထိနာထားကြတာ။ ဒီတသီး နည်းနည်းစျေးရမှ သူတို့ အသက်ရှုချောင်မှာ။`ဟု ဒေးဒရဲမြို့မှ ဆန်လာရောက် ရောင်းချသူ ကုန်သည် တဦးက ဆိုသည်။