နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရသည် ထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု၊ ယူကေ၊ သြစတြေလျ နိုင်ငံတို့မှ သံတမန်များနှင့် ရှားရှားပါးပါး တွေ့ဆုံခွင့် ပြုခဲ့သည်။
သို့သော် ဝေဖန်သူများကမူ ဤဆွေးနွေးပွဲများသည် ယခင်ကကဲ့သို့ပင် နိုင်ငံရေးအရ ထိုးဖောက်အောင်မြင်မှု ထွက်ပေါ်လာ လိမ့်မည်မဟုတ်ဟု ဆိုကြသည်။
ဤတွေ့ဆုံ ဆွေးနွေးမှုများသည် စစ်အစိုးရအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ လျော့ပါးရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုက်လျော တုံ့ပြန်ခဲ့ခြင်းမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ အရေးပါသော ခြေလှမ်းတရပ် ဖြစ်သည်ဟု ဆိုကာ ဤတွေ့ဆုံ ဆွေးနွေးပွဲများကို ကြိုဆိုလိုက်ပြီး၊ ဤအတိုင်းရှေ့ဆက်လှမ်းရန် စစ်အစိုးရကို တိုက်တွန်း အားပေးလိုက်သည်။
`ဒီဆွေးနွေးပွဲတွေဟာ အရေးကြီးပြီး အရေးပါတဲ့ ခြေလှမ်းတရပ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေ ဆက်ပြီး ထပ်မံ ပေါ်ပေါက် လာတာကို ကျနော်တို့ မြင်ချင်ပါတယ်´ ဟု ဒီချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။
ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင်၏ မေတ္တာရပ်ခံချက်ကို စစ်ခေါင်းဆောင်က တုံ့ပြန်ဆောင်ရွက် ပေးခဲ့သော်လည်း ဝေဖန် သုံးသပ်သူများ ကမူ ယင်းသည် သူ့ထွက်ပေါက် အစီအစဉ် တစိတ်တပိုင်းဖြစ်သည် ဟု ယုံကြည်နေကြသည်။ သူသည် သူ့လမ်းစဉ်အတိုင်း နောက်ဆုံး အဆုံးသတ် ခရီးသို့မသွားမီ သွေးတိုးစမ်း နေခြင်းသာ ဖြစ်သည်ဟု သူတို့ကဆိုကြသည်။
ဗိုလ်ချုပ်မှူးကြီး၏ အကျိုးစီးပွါးမှာ ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းပေးရေးပင် ဖြစ်သည်ဟု ထိုင်းနိုင်ငံ ချင်းမိုင် အခြေစိုက် မြန်မာ့အရေး လေ့လာ သူ ဦးဝင်းမင်းကပြောသည်။ သို့သော် ဤသို့ရုပ်သိမ်းနိုင်ရန်မှာ ကြိုတင် စည်းကမ်း သတ်မှတ်ချက်များနှင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် နအဖ အကြီးအကဲက အခြေအနေကို စောင့်ကြည့်ကာ နိုင်ငံရေး ကစားနေခြင်းမျှသာ ဖြစ်သည်ဟု ဆိုသည်။
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း ကဲ့သို့သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ အကောင်အထည် ဖော်နေပါသည် ဟူသည့် အထောက်အထား မရှိသရွေ့ ပိတ်ဆို့ အရေးယူမှုများကို ရုပ်သိမ်းလိမ့်မည် မဟုတ်ဟု အမေရိကန် ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း ပြောထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သံတမန် ၃ ဦးတွေ့ဆုံသည်ကို ချီးကျူးပါကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဖိလစ်ဂျေခရိုလီ (Philip J. Crowley) က သောကြာနေ့က ပြောသည်။ သို့သော် အမေရိကန် ပြည်ထောင်စုက ဦးစားပေးအဖြစ် မြင်လိုသည်မှာ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ဖြစ်သည်ဟု သူက ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
မြန်မာ့ နိုင်ငံရေးကို အနီးကပ် စောင့်ကြည့်လေ့လာနေသူ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း ဒဲရက်တုံ ကင် (Derek Tonkin) ကမူ ဗိုလ်သန်းရွှေ အနေဖြင့် ပိတ်ဆို့ အရေးယူမှုများကို အမှန်တကယ် ဂရုစိုက်သည် မဟုတ်ကြောင်း၊ သို့သော် ဤတွေ့ဆုံ ဆွေးနွေးပွဲများက သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အလျှော့ပေးမှု လုပ်လိုစိတ် ရှိနေကြောင်း ပြသနေခြင်း ဖြစ်သည်ဟု သူယုံကြည်ကြောင်း ပြောကြားသည်။
မစ္စတာတုံကင်၏ အပြောအရ အဆိုပါ အလျှော့ပေးမှု ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီကို ၂၀၁၀ ခုနှစ်တွင်ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ကြားလိုခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်တခု ဖြစ်သော ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရေးကိုမူ လိုက်လျောမည့် လက္ခဏာမရှိကြောင်းဖြင့် သူက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးအနေဖြင့် လိုက်လျောနိုင်သည့် တခုတည်းသောအချက်မှာ ဖွဲ့စည်းပုံ ဥပဒေများ ဆိုသည်မှာ ကျောက်စိုင် ကျောက်သားပေါ်တွင် ရေးထိုးထားသည် မဟုတ်၍ ထွက်ပေါ်လာမည့် ပါလီမန်သစ်က အတည်ပြုလျှင် ပြင်ဆင်နိုင်ပါကြောင်း ကြေငြာချက်တရပ် ထုတ်ပြန်ခြင်းသာ ဖြစ်လိမ့်မည်ဟု မစ္စတာတုံကင်ကပြောသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ အဓိက ချို့ယွင်းချက်မှာ စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်နေခြင်းနှင့် စစ်ဘက်နှင့် လုံခြံုရေးရာ ပြဿနာအားလုံးကို စစ်တပ်ကပင် တိုက်ရိုက် ထိန်းချုပ်ထားခြင်းပင် ဖြစ်သည် ဟု မစ္စတာ တုံကင် က ဆိုသည်။
`ဒါတွေက အနောက်တိုင်း အမြင်အရတော့ ချို့ယွင်းချက်တွေပဲ၊ ဒါပေမဲ့ စစ်တပ် အမြင်အရတော့ ဒီလို မဟုတ်ပြန် ဘူး´ ဟု သူကပြောပြီး ရွေးကောက်ပွဲအပြီး ရက်သတ္တပတ်များအတွင်း၊ လပိုင်းအတွင်း ပေါ်ထွန်းလာမည့် အဖြစ်အပျက်များက ပိုအရေးပါသည်ဟုလည်း သူကပြောသည်။
သူ့အဆိုအရ စစ်အစိုးရသည် ဒီချုပ်ကို ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသို့ သူတို့သန္နိဌာန် ချထားသည့် အတိုင်း ဖိတ်ခေါ် ဖွယ်ရှိပြီး၊ ဒီချုပ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ရွေးကောက်ပွဲကို ဆက်လုပ်သွားဖွယ် ရှိသည်ဟု ဆိုသည်။ ဒီချုပ်မပါသော်လည်း ဒေသတွင်း နိုင်ငံများကမူ အဆိုပါ ရွေးကောက်ပွဲကို လက်ခံဖွယ် ရှိနေသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှုကို တုံ့ပြန်ခဲ့ခြင်းမှာ သူ့ထွက်ပေါက် အစီအစဉ်တခု ဖြစ်နိုင်ကြောင်းဖြင့် ချင်းမိုင် အခြေစိုက် မြန်မာ့အရေး သုံးသပ်လေ့လာသူ ဦးအောင်နိုင်ဦးက ယုံကြည်သည်။
ယင်းသည် `သူ့အား ဆက်ခံရေး အစီအစဉ်´ ဟု သူက ခေါ်ဆိုကြောင်းဖြင့်လည်း သူကပြောသည်။
မြန်မာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို ပါးစပ်ပိတ်သွားစေရန် ကြိုးပမ်းချက် ဖြစ်သော်လည်း ဒီမိုကရေစီ ခေါင်းဆောင်က သူ့အတွက် မြန်မာ့နိုင်ငံ ရေးမှ ထွက်ပေါက်ဖြစ်သော တွေ့ဆုံ ဆွေးနွေးရေး တံခါးကို ဖွင့်ပေးသည်နှင့် အနောက်တိုင်း၏ ပိတ်ဆို့ အရေးယူမှုများကို လျော့ပါး သက်သာအောင် လုပ်ရာတွင် သူ့ကို အကူအညီ ပေးနိုင်ကြောင်း ဗိုလ်သန်းရွှေ သိသည်ဟု သူကဆိုသည်။
နအဖ ခေါင်းဆောင်က ကြီးမားသော နိုင်ငံရေးအရ အလျှော့ပေးမှုများကို လုပ်မည့်အလားအလာမရှိဘဲ သူလုပ်နိုင်သည့် တခုတည်းသော အလျှော့ပေးမှုမှာ ၂၀၁၀ ရွေးကောက်ပွဲများ ကျင်းပပေးခြင်းနှင့် နောက်လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း ပေါ်ပေါက်လာနိုင်သည့် နိုင်ငံရေး အခင်းအကျင်းများသာ ဖြစ်ပြီး၊ ယင်းတို့သည်ပင် သူ၏ ထွက်ပေါက် မဟာဗျူဟာ ဖြစ်သည်ဟု ဦးအောင်နိုင်ဦး ကပြောသည်။
အနောက်တိုင်း၏ ပိတ်ဆို့ အရေးယူမှုများကို မြန်မာ စစ်အစိုးရက အလေးမမူ ဥပက္ခာ ပြုလေ့ရှိသော်လည်း မကြာသေးခင် လများအတွင်းကမူ စစ်အုပ်စုသည် အမေရိကန်က သူတို့ကို လက်ခံ ဆက်ဆံလာရေးအတွက် ဆွဲဆောင် စည်းရုံးရန် ကြိုးပမ်းမှုများ ပြုလုပ်လာခဲ့သည်။
ပိတ်ဆို့ အရေးယူမှုများကို လျှော့ပေးခြင်းသည် စစ်အစိုးရအတွက် အထူးသဖြင့် ရွေးကောက် ပွဲအကြိုကာလတွင် ကြီးမားသော ဆုလာဘ်ကြီး ဖြစ်သည်။ သူတို့ အစီအစဉ်များ အတွက် အားပေးထောက်ခံမှုလဲ မည်သည်ဟု ဦးဝင်းမင်းက ပြောသည်။
`သူတို့ ရွေးကောက်ပွဲ အတွက် အနောက်နိုင်ငံက တရားဝင်တယ်လို့ တစုံတရာ အသိအမှတ်ပြုတာကို သူတို့ (စစ်အစိုးရ) ကလိုချင်တယ်။ ဒီလိုမျိုး အသိအမှတ်ပြုမှုကို အာရှနိုင်ငံတွေက အလွယ်တကူ ရနိုင်တယ်ဆိုတာ သူတို့သိတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေက ဒါမျိုးရဖို့ မလွယ်ဘူးဆိုတာကိုလည်း သူတို့သိတယ်။ ဒါ သန်းရွှေရဲ့ အမွေ အတွက်လည်း ဖြစ်တယ်´ ဟု ဦးဝင်းမင်းက ပြောသည်။
ကြိုတင် စည်းကမ်းချက်တွေကို မဖြည့်ဆည်းပေးဘဲ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းမှာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာကို ဘာလို့ ခုအချိန်မှာ ပိတ်ဆို့ အရေးယူမှုအကြောင်း ပြောနေရတာလဲလို့ မေးစရာရှိပါသည်။
သို့သော် ဤပိတ်ဆို့ အရေးယူမှုများသည် တခါမှ မပေါ်ပေါက်ဖူးသေးသည့် ဒေါ်အောင်ဆန်းစုကြည်၊ စစ်အစိုးရ၊ အမေရိကန်တို့ကို တစုံတရာ သော တွေ့ဆုံ ဆွေးနွေးပွဲဆီသို့ ခေါ်ဆောင်လာနိုင်သည်၊ သက်ဆိုင်သူ အားလုံးအတွက် မျှော်လင့်ချက် ရောင်ခြည်လဲ ဖြစ်နေပြန်သည်။
ဗိုလ်သန်းရွွှေအတွက် ရွေးကောက်ပွဲကို အဆုံးသတ်ရေးနှင့် ပါလီမန်ပေါ်ပေါက် လာရေးသည်သာ ဦးစားပေး လုပ်ငန်းကြီး ဖြစ်နေသည်ဟု မစ္စတာတုံကင်က ပြောသည်။ အဲဒီအချိန်ရောက်လဲ ပိတ်ဆို့ အရေးယူမှုနဲ့ပတ်သက်လို့ အပြောင်းအလဲ တစုံတရာ ပေါ်လာဖို့ သူတကယ် မျှော်မှန်း ထားတာလည်း မဟုတ်ပါ။ ဒါကြောင့် စစ်အစိုးရက အမေရိကန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီက ထောက်ခံမှု တစုံတရာကို လိုချင်နေခြင်း ဖြစ်သည်ဟု သူကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ပိတ်ဆို့ အရေးယူမှုများနှင့် စပ်လျဉ်း၍ စကားပြောခွင့်ရရန် အရူးအမူး ဖြစ်နေသော စစ်အစိုးရကို ချဉ်းကပ်ရာတွင် ခြေလှမ်းတလှမ်းအဖြစ် သူကူညီလိုကြောင်း ထုတ်ဖော် ပြောဆိုရန် အချိန်ကောင်းပင် ဖြစ်သည်။ သူမအနေဖြင့် မြန်မာ့နိုင်ငံရေး ရှေ့မတိုးနောက်မဆုတ် ဖြစ်နေမှုများကို ဖြေရှင်းလိုစိတ်ရှိကြောင်း ပြသနိုင်သည့် အခွင့်အလမ်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးတွင် သူမ၏အသုံးဝင် အရေးပါမှုကို ပြသနိုင်ခွင့်လဲ ဖြစ်သည်။
အမေရိကန် အတွက်လည်း သူတို့၏ ယခင်မူဝါဒဟောင်း အဘယ်ကြောင့် မအောင်မြင်ရခြင်း ကိုသုံးသပ်၍ စစ်အစိုးရအပေါ် မိမိတို့၏ သြဇာ အာဏာ အကန့်အသတ်ရှိပုံကို ခံစားသိရှိလာပြီး သူတို့၏ ဒီမိုကရေစီ တန်ဖိုးများ၊ စံများကို စွန့်လွှတ်စရာလည်း မလိုသော မူဝါဒသစ်တရပ်ကို ကြေငြာရန် အချိန်ကောင်းလဲ ဖြစ်သည်။
ဦးအောင်နို်င်ဦး၏ အဆိုအရ ဤတွေ့ဆုံ ဆွေးနွေးပွဲ အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ကာ ပြဿနာ အသေးလေးများမှ စတင်၍ တစုံတရာ အဓိပ္ပါယ်ရှိသော ခြေလှမ်းကို လှမ်းရန်၊ မိမိတို့၏ပင်မ အကျိုးစီးပွါးများကို မထိခိုက်စေဘဲ တစုံတရာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေသို့ ပြောင်းလဲပစ်သင့်သည်ဟု ဆိုသည်။
သို့သော် ဤတွေ့ဆုံ ဆွေးနွေးပွဲများမှ မယ်မယ်ရရ ရလဒ်မထွက်ပေါ်ခဲ့လျှင်ကောဟူ၍ မေးစရာရှိသည်။
နေပြည်တော်တွင် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပသော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းအတိုင်း သွားနေသည်ဟု ဗိုလ်သန်းရွှေက ထပ်မံ အတည်ပြု ပြောဆိုသွားခဲ့သည်။
ဤသို့ ပြောဆိုမှုသည် ဒီချုပ်သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်သော်လည်းကောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းသော် လည်းကောင်း ၎င်းတို့၏ ထောက်ခံအတည်ပြုမှု မပါဘဲလည်း သူ့အစီအစဉ်အတိုင်း ဆက်သွားရန် သန္နိဌာန် ချမှတ်ထားခြင်းကို ပြသသည့် လက္ခဏာဖြစ်သည်ဟု အကဲခတ််များကပြောသည်။
သို့သော်ဤသို့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ ဒီချုပ်အပါအဝင် အတိုက်အခံပါတီ များကို ရွေးကောက်ပွဲတွင် လွတ်လပ်မျှတစွာ ပါဝင် ခွင့်ပေးခြင်းစသည့် နိုင်ငံရေးအရ လိုက်လျော အလျှော့ပေးမှုများကို ပြုလုပ်ပြီး အတိုက်အခံနှင့် အာဏာခွဲဝေယူရန် ဗိုလ်သန်းရွေ ဆန္ဒမရှိလျှင် အခြေအနေများသည် နဂိုမူလ အခြေအနေသို့သာ ပြန်ရောက်သွားမည် ဖြစ်သည်ဟု ဦးဝင်းမင်းကပြောသည်။
`အခြေအနေတွေက တိုးတက်လာမှာ မဟုတ်ဘူး။ အနည်းဆုံး သိပ်မကြာခင် အချိန်အထိတော့ ခါတိုင်းလိုပဲ အခြေအနေတွေက ဆိုးမြဲဆိုး နေမှာပဲ´ ဟု သူကဆက်လက် ပြောဆိုသည်။