မဇ္ဈိမ(ချင်းမိုင်) ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားသော သားငယ် ဖမ်းဆီးခံထားရ၍ သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်၍ သေဆုံးမှုတခု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သေသူ၏ မိသားစုဝင်များက ပြောသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဖမ်းခံထားရသူ မောင်သက်ဦးမောင်အတွက် သွားရောက်စုံစမ်းသူ အမှတ် ၂ ရပ်ကွက်နေ ဦးကျော့မောင် (အသက် ၅၆ နှစ်)ကို ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့က သုမာလာလမ်းဆုံအနီးတွင် အောက်တို ဘာလ ၈ ရက်နေ့ မွန်းလွဲတွင် ဝိုင်းရိုက်ခဲ့ရာမှ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်က ပြောသည်။
အာဏာပိုင်များက ရန်မူမှာစိုး၍ မဇ္ဈိမနှင့် ဆက်သွယ်ရရှိသူ ဆွေမျိုးရင်းတဦးက အမည်မသုံးရန် မေတ္တာရပ်ခံခဲ့သည်။
ဦးကျော့မောင်သည် ကိုယ်ပိုင်ကားဖြင့် ကျောင်းကားပြေးဆွဲနေသူဖြစ်ပြီး သူ၏ မောင်သက်ဦးမောင် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ဆုတောင်းမှုတွင် ပါဝင်ခဲ့ဖူးသူလည်းဖြစ်သည်။
“အဖေက ခေါင်းထဲ သွေးခဲပြီး ဆုံးသွားတယ်လို့ ဆရာဝန်က ပြောပါတယ်။ မြောက်ဥက္ကလာ ဆေးရုံ တင်လိုက်ရတာက ၈ ရက်နေ့ ည ၁၀ နာရီလောက်က တင်လိုက်တာ။ ဆရာဝန်က ဦးနှောက်နဲ့ အာရုံကြော ရန်ကုန် ဆေးရုံကို ပို့ရမယ် ပြောတယ်။ မပို့ခင် ၉ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်မှာ ဆုံးသွားတာပါ” ဟု ဆွေမျိုးရင်းဖြစ်သူက မဇ္ဈိမကို ပြောသည်။
ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရသူ ကိုဝင်းချိုကို မြောက်ဥက္ကလာရဲစခန်းက ဖမ်းဆီးထားသော်လည်း ရဲတပ်သား ပန်းသီး ကမူ လွတ်မြောက်နေဆဲ ဖြစ်သည်။
မြို့နယ်အတွင်း ဟိုလေးတကြော် ဖြစ်နေသည့် အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သေသူ၏မိသားစုနှင့် ရင်းနှီးသူ တရပ်ကွက်ထဲနေ မျက်မြင်တဦးက “သုမာလာ လမ်းဆုံနား ရောက်တော့ ကိုဝင်းချိုနဲ့ ရဲက လက်ထိပ်ခတ်လိုက်တယ်။
သူက (ဦးကျော့မောင်က) ဘာလို့ လက်ထိပ်ခတ်တာလဲလို့ ပြောတော့။ ရဲက အမှတ်တမဲ့ ပါးစပ်ကို ထိုးချလိုက်တော့ ပစ်လဲသွားတယ်။ နောက် လည်ပင်းကို တက်နင်း တယ်။ ဗိုက်ကိုကန်လိုက်တော့ သတိလစ်သွားတယ်။ ဆံပင်ကို ကောက်ဆွဲပြီးတော့ လွှဲချလိုက် တယ်။ ခေါင်း ကို ကတ္တရာလမ်းနဲ့ စောင့်ရိုက်သလို ဖြစ်သွားတယ်” ဟုပြောသည်။
ကိုယ်ထူကိုယ်ထ လမ်းပြုပြင်ရေးကော်မတီ ဥက္ကဌဖြစ်သော ဦးကျော့မောင်၏ မိသားစု ဝင်များက မြောက်ဥက္ကလာ ရဲစခန်းတွင်ပင် လူသတ်မှုဖြင့် ရဲတပ်သားနှင့် ရယကဟောင်းကို အမှုဖွင့်ထားသည်။
ဆေးရုံုရှိ ဦးကျော့မောင်၏ ရုပ်အလောင်းကို သေမှုသေခင်း စစ်ဆေးခဲ့ကြပြီး မနက်ဖြန် အင်္ဂါနေ့တွင် ရေဝေးသုသာန်သို့ ပို့ဆောင်၍ သဂြိုလ်မည် ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ပြီးခဲ့သည့် ရ ရက်နေ့က မြောက်ဥက္ကလာမှ မြင့်မြတ်လက်ဖက်ရည်ဆိုင်ရှေ့၌ မြောက်ဥက္ကလာ အထက်တန်းကျောင်း တကျောင်းမှ ၉ တန်း ကျောင်းသားများ ရန်ဖြစ်မှုတွင် ပါဝင်သည်ဟုဆိုကာ အား ရဲစခန်းက ဖမ်းဆီးထားခဲ့သည်။
ကွယ်လွန်သူ ဦးကျော့မောင်တွင် ဇနီးသည်၊ သားဖြစ်သူ ကိုသက်ဦးမောင်နှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့ သည်။