ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေအမှု ရှေ့နေ ၃ ဦး ထပ်မံ ပါဝါပေး

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေအမှု ရှေ့နေ ၃ ဦး ထပ်မံ ပါဝါပေး
by -
ဖနိဒါ
အကိုရင်း ဦးအောင်ဆန်းဦးနှင့် ဖြစ်ပွားနေသည့် နေအိမ် အမွေကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အကျိုးဆောင် ရန် ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်သည် ယမန်နေ့က ရှေ့နေပါဝါရ ...

မဇ္ဈိမ (ချင်းမိုင်)။ ။ အကိုရင်း ဦးအောင်ဆန်းဦးနှင့် ဖြစ်ပွားနေသည့် နေအိမ် အမွေကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အကျိုးဆောင် ရန် ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်သည် ယမန်နေ့က ရှေ့နေပါဝါရခဲ့ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံ နေထိုင်နေသည့် လက်ရှိနေအိမ်ကို ဦးအောင်ဆန်းဦးက အမွေရထိုက်သည်ဟု ဆိုကာ တရားစွဲဆိုမှုနှင့် ပတ်သက်၍ ကြားနာရန်ရှိသည့် ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံး ရုံးချိန်းအမီ ရှေ့နေ ၃ ဦး ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

“မနေ့က ပါဝါတင်တာ ရပါပြီ။ နဂိုကလည်း ရှေ့နေ ၂ ဦး ရှိပါတယ်။ ဆိုတော့ ၅ ယောက်ပါ။ ၂၁ ရက်နေ့မှာ အမွေကိစ္စ အမှုတွဲထဲက ကိစ္စနဲ့ ပတ်သက်လို့ တင်ပြဖို့ပါပဲ” ဟု ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

ရှေ့နေပါဝါ ကိုယ်စားလှယ်လွှဲစာကို ယမန်နေ့က ရှေ့နေဦးဉာဏ်ဝင်းသည် အင်းစိန်ထောင် တရားရုံးသို့ သွားရောက် ရယူခဲ့ခြင်း ဖြစ်သည်။

၂၀၀၀ ခုနှစ်မှစတင်၍ ယင်းအမှုကို ရှေ့နေကြီးများဖြစ်သော ဦးကြည်ဝင်း၊ ဦးမြင့်သောင်း၊ ဦးအောင်သိန်းနှင့် ဦးခင်မောင်အေးတို့က ဆောင်ရွက် ပေးခဲ့သည်။

ဦးအောင်သိန်းအား ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေများကောင်စီ အက်ဥပဒေ ၁၀ (၁) အရ ရှေ့နေကျင့်ဝတ်နှင့် မညီဟုဆိုကာ ယခုနှစ် မေလ ၁၅ ရက်နေ့တွင် စစ်အစိုးရက ရှေ့နေလိုင်စင် ရုပ်သိမ်းခဲ့သည်။ ရှေ့နေ ဦးခင်မောင်အေး သည်လည်း ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးတို့အမှုသည် ၂၀၀၀ ခုနှစ်မှ စတင်၍ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သဖြင့် ဦးအောင်ဆန်းဦး ရှုံးနိမ့်ခဲ့သည်ဟု ရှေ့နေဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။

သို့သော် ၂၀၀၁ ခုနှစ်အတွင်း၌ပင် ဦးအောင်ဆန်းဦး၏ ရှေ့နေများက အမွေဘုံပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနှင့် ထပ်မံ၍ တရားစွဲဆိုခဲ့ရာ ယနေ့ထိ တရားရင်ဆိုင်နေရသည်။

၂၀၀၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြထားသည့် သက်သေများကို စစ်ဆေးရမည့် အဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ သက်သေများ တွေ့ခွင့်မရခဲ့ဘဲ အမှုကို ရပ်ထားခဲ့ရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မောင်ဝမ်းကွဲဖြစ်သူ စစ်အစိုးရ တပ်မတော် အရာရှိဟောင်း ဗိုလ်မှူး ဦးခင်မောင်အေးက လည်း တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့ ရောင်းချပြီးဖြစ်သဖြင့် ကန့်ကွက်နိုင် ကြောင်း ယခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် အစိုးရအာဘော် သတင်းစာတွင် ကြေညာခဲ့ဖူးသည်။

အထက်တန်းရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင်တို့က “လွှဲအပ်ညွှန်ကြားချက်အရ” ဟုဆို၍ ကန့်ကွက်နိုင်ကြောင်း ကြေညာစာတွင် ဖော်ပြထားသော်လည်း ဝယ်ယူသူ၏ အမည်ကိုမူ ဖော်ပြခြင်း မရှိခဲ့ပါ။

ဦးခင်မောင်အေးသည် ကွယ်လွန်လေပြီးသော သခင်သန်းထွန်း၊ ဒေါ်ခင်ကြီးတို့၏ မွေးစားသားဖြစ်ပြီး တပ်မတော် အရာရှိဟောင်းနှင့် စာရေးဆရာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နှင့် ဒေါ်ခင်ကြီးတို့မှာ ညီမအရင်းများ ဖြစ်ကြသည်။

အဆိုပါ ခြံရောင်းချခြင်းသည် တရားမဝင်ကြောင်း ဖော်ပြသည့် ကန့်ကွက်စာကို ဦးခင်မောင်အေး၏ ရှေ့နေ နှစ်ဦးထံ ဒေါ်အောင်ဆန်းစုကြည်က ထိုလ ၃၀ ရက်နေ့တွင် ပေးပို့ခဲ့သည်။ ထို့ကြောင့် ယင်းကိစ္စမှာမူ တရားဝင်မည် မဟုတ်ကြောင်းနှင့် အမှုလည်း ဖြစ်ပေါ်လာစရာ မရှိကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

သူမ၏ ရှေ့နေများနှင့် ယမန်နေ့က တွေ့ဆုံရန် ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အာဏာပိုင်များ၏ စီစဉ်မှုအရ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့ရသည်။

ယနေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ တွေ့ဆုံနိုင်ခြင်း မရှိကြောင်း ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။