ကိုဘိုကြည် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ

ကိုဘိုကြည် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ
by -
မြင့်မောင်
နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက လူ့အခွင့်အရေး လှုပ်ရှားသူ ၄ ဦးကို ယခုနှစ် လူ့အခွင့်အရေးဆုအတွက် ရွေးချယ်ရာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ...

နယူးဒေလီ။       ။ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက လူ့အခွင့်အရေး လှုပ်ရှားသူ ၄ ဦးကို ယခုနှစ် လူ့အခွင့်အရေးဆုအတွက် ရွေးချယ်ရာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် ပါဝင််ကြောင်း သိရသည်။

နှစ် ၂၀ ကျော်အတွင်း မြန်မာပြည်ရှိ နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေများနှင့် စစ်အစိုးရ၏ မြောက်မြားစွာ လူ့အခွင့်အရေး ချိုးဖောက် မှုများကို သိရှိစေရန် ကြိုးပမ်းခဲ့သူ ဖြစ်သဖြင့် ကိုဘိုကြည်ကို 2009 Alison Des Forges Defender အမည်ရ လူ့အခွင့်အရေး ကာကွယ်သူများဆုကို ချီးမြှင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HWR ဝက်ဘ်ဆိုဒ်တွင် ယနေ့ ကြေညာလိုက်ခြင်း ဖြစ်သည်။

“ကျနော့်ကို ဂုဏ်ပြုတယ် ဆိုတာထက် အထဲမှာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အညတြ နိုင်ငံရေးသမားတွေကို ဂုဏ်ပြုတယ်လို့ ကျနော် ထင်ပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP (B) မှ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “မြန်မာပြည် အပြောင်းအလဲပေါ့။ ဒီမိုကရေစီနဲ့ လူ့အခွွင့်အရေး ရရှိဖို့အတွက် ကြိုးစားနေတာပဲ။ ဆုရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ကျနော်တို့ ဆက်လုပ်ရမယ့် အလုပ်ပါ။ ကျနော်တို့ လှမ်းရမယ့် ပန်းတိုင်ကို ဆက်လှမ်းရမှာပဲ။ ဆုရတဲ့အခါ ကျနော်တို့ စိတ်ပိုင်းဆိုင်ရာ အားတက်မှုတွေ ဖြစ်လာတယ်။ မြန်မာနိုင်ငံမှာ ခံစားနေရတဲ့ အရာတွေကို ကမ္ဘာကြီးက ကျယ်ကျယ်ပြန့်ပြန့် သိလာပါတယ်။ ဒါတွေက ကျနော်တို့ အတွက် အားတက်စေတဲ့ အရာတွေ ဖြစ်တယ်” ဟု ပြောသည်။

ကိုဘိုကြည်နှင့်အတူ အီသီယိုပီးယားမှ တက်ကြွ လှုပ်ရှားသူ ရှေ့နေ မစ္စတာ Daniel Bekele ၊ ရုရှမှ အမျိုးသမီး သတင်းထောက် Elena Milashina ၊ ကွန်ဂိုမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ရေး ဆောင်ရွက်နေသည့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားတက်ကြွသူ မစ္စစ် Mathilde Muhindo တို့ကို HRW က ရွေးချယ်သည်။

လာမည့်လထဲတွင် ဆုရရှိသူ ၄ ဦးကို အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ်၊ အမေရိကန်နှင့် ဆွစ်ဇာလန်သို့ ခေါ်ဆောင်ကာ မြို့ကြီး ၁၀ မြို့ထက်မနည်း တွင် အဖွဲ့နှစ်ပတ်လည် ညစာစားပွဲများဖြင့် ဂုဏ်ပြုသွားမည်။

သူတို့ထဲမှ ၂ ဦးကို ဥရောပနိုင်ငံများသို့၎င်း၊ ကျန် ၂ ဦးကို အမေရိကန်နှင့် ကနေဒါသို့၎င်း ခေါ်ယူ၍ သက်ဆိုင်ရာ နိုင်ငံများ၏ လက်ရှိ လူ့အခွင့်အရေးနှင့် နိုင်ငံရေး အခြေအနေကို ရှင်းလင်းတင်ပြခွင့် ပေးသွားဦးမည် ဖြစ်သည်။

ကိုဘိုကြည်က ''တွေ့သင့်တွေ့ထိုက်တဲ့ သူတွေနဲ့ တွေ့ခွင့်ရမယ်။ နိုင်ငံရေးအရ ကျနော်တို့ ပြောနိုင်ဆိုနိုင်ရင် ပြောနိုင်ဆိုနိုင်သလောက် ကျနော်တို့ နိုင်ငံအတွက်၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေအတွက် တော်တော်လေး အကျိုးသက်ရောက် နိုင်တယ််” ဟု ပြောသည်။

''ဖြစ်ပျက်နေတာတွေက လူ့အခွင့်အရေး ချိုးဖောက်မှု တခုထဲလို့ ပြောလို့ မလုံလောက်ပါဘူး။ လူသားဖြစ်တည်မှု ရာဇဝတ်မှုကြီးကို ချိုးဖောက် နေတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်ကြောရေး စခန်းတွေမှာ၊ ထောင်ထဲမှာ နှိပ်စက်ခံရတယ်။ နယ်စပ်ဒေသတွေမှာလည်း တိုင်းရင်းသားတွေဟာ အဓမ္မပြုကျင့်ခံရ၊ အသတ်ခံနေရ၊ အဖမ်းခံရတာတွေက နေ့တဓူဝ ခံနေရတယ်။ ဒါတွေ ကျူးလွန်နေတာက စစ်အစိုးရ ကျူးလွန်တာ ဖြစ်တယ်'' ဟု AAPP (B) တွဲဘက် အတွင်းရေးမှူးက ဆက်ပြောသည်။

ကိုဘိုကြည်ကို ပြီးခဲ့သည့်နှစ်က ၂၀၀၈ လူ့အခွင့်အရေး ကာကွယ်သူများဆုကို HRW ကပင် ချီးမြှင့်ခဲ့သေးသည်။

သက်တမ်း အနှစ် ၃၀ ခန့်ရှိ HRW သည် ကမ္ဘာတဝှမ်းရှိ လူထုများကို တရားမှုတရေးနှင့် လုံခြံုရေးအတွက် ရည်ရွယ်ကာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို လေ့လာ စောင့်ကြည့်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ အလေးဂရုပြုစေရန် ဖော်ထုတ်တင်ပြနေသည့် လွတ်လပ်သော အဖွဲ့အစည်းတရပ် ဖြစ်သည်။

Most read this week