ရွှေလီ (မဇ္စျိမ)။ ။ သီတင်းကျွတ် လပြည့်နေ့တိုင်းတွင် သက်ကြီးဝါကြီး သံဃာတော် ရှင်သူမြတ်များကို သံဃာငယ်များက စုပေါင်း ပူဇော် ကန်တော့သည့် ပဝါရဏာပွဲ ကျင်းပခွင့်ကို ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယခုနှစ် ပိတ်ပင် ခံလိုက်ရသည်။
ဗန်းမော်တွင် ဘုန်းကြီးကျောင်း ၂၀ ကျော်ရှိသည့် အနက် နှစ်စဉ် တကျောင်းစီတွင် အလှည့်ကျ စုပေါင်းကြွချီ ကန်တော့လေ့ရှိရာမှ ယခုနှစ်တွင် ရိုးကြီး ရွာမကျောင်း အလှည့်ကျသော်လည်း ပြည်နယ်သံဃာ့ နာယက ဥက္ကဋ္ဌ အမိန့်ဖြင့် ပိတ်ပင်သည့် စာကို ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ကျောင်းတိုက်များသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“ပြည်နယ်ကနေပြီးတော့မှ အမိန့် လာတာလေ။ မလုပ်ရဘူးဆိုပြီးတော့ ပိတ်တာပေါ့။ ကျောင်းတိုင်း ကျောင်းတိုင်း သူ့ကျောင်းငါ့ကျောင်းပဲ ကန်တော့ ရမယ်တဲ့။ ပဝါရဏာဆိုတာက သက်ကြီးဝါကြီး ဘုန်းကြီးတွေကို စုပြီးမှ ကန်တော့ကြတာ” ဟု ရိုးကြီး ရွာမကျောင်းအတွက် မြို့ခံဒကာတဦးက မဇ္စျိမကို ပြောသည်။
ယခုလ ၃ ရက်နေ့တွင် ကျရောက်မည့် သီတင်းကျွတ်နေ့တွင် ဗန်းမော် မြို့ပေါ်ဘုန်းကြီးကျောင်းများ စုပေါင်းလုပ်ခွင့်ကို ပိတ်ပင်လိုက်ပြီး၊ တကျောင်း ချင်းအလိုက် သီးခြားစီ ပြုလုပ်ရန်သာ ခွင့်ပြုသည်။
မြို့ခံတဦးက “စာက နှစ်စောင်တောင် ပို့ထားတာတဲ့။ ပထမ စာမှာကတော့ ပဝါရဏာပွဲ မလုပ်ဖို့ပေါ့။ ခုနက ပြောသလို ပေါ့။ ဘုန်းကြီးကျောင်း တွေကို သီတင်းကျွတ် လပြည့်နေ့မှာ ခါတိုင်းလုပ်နေကျ ဝါငယ်တဲ့ ဘုန်းကြီးတွေက ဝါကြီးတဲ့ ဘုန်းကြီးတွေကို သွားကန်တော့တာ၊ စုပေါင်းလုပ် တာကို လုပ်ခွင့် မပေးဘဲ၊ ကိုယ့်ကျောင်း ကိုယ်လုပ်ဆိုပြီး ဆိုထားတာ” ဟု ပြောသည်။
ဒုတိယစာတွင် သံဃာတော်များ၏ ခရီး သွားလာခွင့်ကိုလည်း ကန့်သတ်ထား ပြန်သည်။
“ကချင်ပြည်နယ်ထဲက သံဃာတွေ တခြားနယ်တွေ သွားမယ်ဆိုရင် မြို့နယ် သံဃာ့နာယကအဖွဲ့ ခွင့်ပြုချက်နဲ့မှ သွားလို့ ရမယ်ပေါ့။ အဲဒီလက်မှတ် မပါရင် ရထားတို့၊ သင်္ဘောတို့၊ ကားတို့ လက်မှတ်ဝယ်ခွင့် မပေးဘူးပေါ့။ အဲလို ကန့်သတ်ထားတဲ့ စာတစောင်လည်း ပို့ထားတယ်” ဟု မြို့ခံက ဆိုသည်။
ပဝါရဏာပွဲသို့ ပါဝင် ပူးပေါင်းလေ့ရှိသည့် ဗန်းမော်နှင့် ၉ မိုင်ခန့်ဝေးသော မိုးမောက်မြို့နယ်မှ သံဃာတော် အများအပြားလည်း ဗန်းမော်သို့ ရောက်ရှိနေကြရာ ကျင်းပခွင့် ပိတ်ပင်ထားသဖြင့် ပြန်ကြွရအခက် ဆက်နေရအခက် ဖြစ်နေကြောင်း အခြားမြို့ခံတဦး အပြောအရ သိရသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း သံဃာတော်များက နိုင်ငံတဝှမ်း မြို့ကြီးများတွင် စုရုံး လှည့်လည်၍ ငြိမ်းချမ်းစွာ မေတ္တာသုတ် ရွတ်ဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုတွင် ဗန်းမော်မှ သံဃာတော်များလည်း တက်ကြွစွာ ပါဝင်ခဲ့သည်။
ထိုကြောင့် ဒေသခံ စစ်တပ်များက ဗန်းမော် ဘုန်းကြီးကျောင်းများကို အကြမ်းဖက် ဝင်ရောက်စီးနင်းကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သေးသည်။
သံဃာ့ လှုပ်ရှားမှု နောက်တကြိမ် ပေါ်ပေါက် လာမည်ကို အာဏာပိုင်များအနေဖြင့် စိုးရိမ်သဖြင့် သံဃာတော်များ နှစ်စဉ် စုဝေးလေ့ရှိသည့် ပဝါရဏာပွဲကို ပိတ်ပင်ကာ၊ အကန့်အသတ်များ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ယူဆနေကြသည်။
ကချင်ပြည်နယ် ဗန်းမော်တွင် သာမက အခြားမြို့နယ် အချို့တွင်လည်း သံဃာများ အစုအဝေး ဖြစ်စေမည့် ပွဲလမ်းတချို့ကို အကန့်အသတ်များ ထားရှိပြီး၊ အသွားအလာများကိုပါ စောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်သလို ကျောင်းတိုက်များကိုလည်း အနီးကပ် စောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။