ရန်ကုန် ယူနိုက်တက်က လှိုင်ကွင်းကို နှစ် ၃၀ အခမဲ့ အသုံးပြုခွင့်ရ

ရန်ကုန် ယူနိုက်တက်က လှိုင်ကွင်းကို နှစ် ၃၀ အခမဲ့ အသုံးပြုခွင့်ရ
by -
မေကျော်
ရန်ကုန် ယူနိုက်တက် FC က ရန်ကုန်ရှိ လှိုင်အားကစားကွင်းကို လေ့ကျင့်ရေးကွင်းအဖြစ် နှစ် ၃၀ ကြာ အခမဲ့ အသုံးပြုခွင့် ရရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က ပြော ...

ချင်းမိုင် (မဇ္စျိမ)။     ။ ရန်ကုန် ယူနိုက်တက် FC က ရန်ကုန်ရှိ လှိုင်အားကစားကွင်းကို လေ့ကျင့်ရေးကွင်းအဖြစ် နှစ် ၃၀ ကြာ အခမဲ့ အသုံးပြုခွင့် ရရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က ပြောသည်။

အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခွင့် ရပြီးနောက် ယခုတဖန် လှိုင်မြို့နယ်ရှိ လှိုင်အားကစားကွင်းကိုပါ လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုခွင့် ရရှိကြောင်း MFF က ပြောဆိုခြင်း ဖြစ်သည်။

“အောင်ဆန်းကွင်းက ရန်ကုန်အသင်းရဲ့ အိမ်ရှင်ကွင်းပေါ့။ ဘောလုံး အဖွဲ့ချုပ်ကပဲ ပိုင်ပါတယ်။ အရင်ကတည်းက အဲလို လျာထားတာပါ။ အိမ်ကွင်းအဖြစ် အောင်ဆန်းကွင်း၊ လေ့ကျင့်ရေးကွင်းအဖြစ် လှိုင်အားကစားကွင်း” ဟု MFF ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ဆိုသည်။

ရန်ကုန် ယူနိုက်တက် ကလပ်အသင်းက လှိုင်အားကစားကွင်းကို ပြင်ဆင်လိုသည့် ပုံစံအတိုင်း တင်ပြရမည်ဖြစ်ပြီး၊ စိတ်ကြိုက်ပြင်ဆင်ခွင့် ရရှိရန် MFF က စီစဉ်ပေးမည် ဖြစ်သည်။

“လှိုင်အားကစားကွင်းက မြေသားမြက်ခင်း ကောင်းတယ်ခင်ဗျာ။ နောက် လေ့ကျင့်ရေး ကွင်းကောင်းပါ။ အကောင်းဆုံးရယ်လို့တော့ သတ်မှတ်လို့ မရပါဘူး။ သူတို့ ပြင်နိုင်တဲ့ အပေါ်မှာပဲ မူတည်တာပါ” ဟု ဦးစိုးမိုးက ပြောသည်။

ရန်ကုန် ယူနိုက်တက်သည် ယခုနှစ် မေလနှင့် ဇွန်လအတွင်းက ပထမဆုံးသော MNL ဘောလုံးရာသီတွင် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ ယူနိုက်တက်ကို ဗိုလ်လုပွဲတွင် ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရသည်။

ထို့ကြောင့် ရာသီအပြီး အသင်းသားများအား ဂုဏ်ပြုပွဲ၌ အသင်းပိုင်ရှင် ဦးတေဇက ရန်ကုန် ယူနိုက်တက်အတွက် ကျပ်သိန်းပေါင်း ၅၀၀၀ ကျော် သုံးစွဲခဲ့ပြီး၊ နောက်ထပ်လည်း ကျပ်သိန်းပေါင်း ၁ သောင်းကျော်အထိ ဆက်လက် အသုံးပြုသွားမည်ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန် ယူနိုက်တက်သည် ဒုတိယမြောက် MNL ပြိုင်ပွဲ၌ ၅ ပွဲကစား ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံးဖြင့် အဆင့် ရ နေရာတွင် ရပ်တည်လျက်ရှိသည်။

အသင်း၏ ရလဒ်များ ဆိုးရွားနေသောကြောင့် ဦးတေဇသည် အင်္ဂလိပ်လူမျိုး နည်းစနစ်ဒါရိုက်တာ Peter James Butler ကို တလလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် အသင်းအတွက် ယခုလလယ်ပိုင်းတွင် တနှစ် ငှားရမ်းခဲ့သည်။

ရန်ကုန် ယူနိုက်တက်သည် မနက်ဖြန်တွင် မန္တလေးမြို့ ဗထူးကွင်း၌ MNL လက်ရှိချန်ပီယံ မြို့ခံ ရတနာပုံအသင်းနှင့် အဝေးကွင်းအဖြစ် ယှဉ်ပြိုင်ကစားရမည်။

အသင်းပိုင်ရှင် ဦးတေဇသည် စစ်အစိုးရ ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းကျင်သည့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်ပြီး၊ အသင်းအုပ်ချုပ်သူမှာ ဦးအောင်ကျော်လွင်နှင့် နည်းပြချုပ်မှာ ဦးမျိုးလှိုင်ဝင်း ဖြစ်သည်။