နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာဗဟိုဘဏ်က အသစ်ထုတ်မည့် ၅၀၀၀ တန် ငွေစက္ကူ နောက်ဆက်တွဲ ရိုက်ခတ်မှု ကြောင့် ပုဂ္ဂလိက ပုံနှိပ်စက် လုပ်ငန်း ဝန်ဆောင်စရိတ် တိုးမြှင့်ရန်ရှိကြောင်း ရန်ကုန် ပုံနှိပ်စက် လုပ်ငန်းရှင် အချို့က ဆိုသည်။
ပုံနှိပ် လုပ်ငန်းသုံး မင်၊ စက္ကူနှင့် ဓာတုပစ္စည်း စျေးနှုန်းများ မြင့်တက်မည် ဖြစ်သဖြင့် ပုံနှိပ်လုပ်ငန်း၏ စာရိုက်ခ၊ ဝန်ဆောင်မှု နှုန်းထားကို ၁၂ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟု ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ရှိ နာမည်ကြီး ပုံနှိပ်စက် လုပ်ငန်းရှင် တဦးက မဇ္စျိမကို ယခုလို စတင်ပြောဆိုသည်။
“စက္ကူ တင်သွင်းတဲ့ သူတွေက ကျနော်တို့ကို စျေးနှုန်းမြှင့်မယ်လို့ အကြောင်းကြားထား ပြီးပါပြီ။ ပုံနှိပ်တိုက်ရဲ့ ကုန်ကျစရိတ် ခြံုငုံပြီးတော့ ဝန်ဆောင်မှုတွေကိုပါ တိုးမြှင့်မှပဲ ကျနော်တို့ တွက်ချေကိုက်မယ်” ဟု သူက ပြောသည်။
လုပ်ငန်း ထောက်ကူပြု ပစ္စည်း အများစုသည် နိုင်ငံရပ်ခြားမှ မှာယူတင်သွင်းရပြီး၊ ငွေကြေး ပေါက်စျေးအလိုက် စျေးနှုန်း ကွာဟမှု ဖြစ်ပေါ်လာနိုင် သဖြင့် ငွေကြေးလဲလှယ် နှုန်းများကို စောင့်ကြည့်သွားမည်ဟု ရန်ကုန်ရှိ မြသီတာ ပုံနှိပ်တိုက်မှ တာဝန်ရှိသူက ပြောသည်။
“အခုတော့ ကျနော်တို့ စောင့်ကြည့် နေတုန်းပါ။ ပစ္စည်းတွေ တက်လာတဲ့ အပေါ် မူတည်ပြီး ဝန်ဆောင်ကြေးတွေကို တိုးရမှာပါ။ လောလောဆယ် တော့ ဘာမှ အပြောင်းအလဲ မရှိသေးပါဘူး” ဟု သူက ပြောသည်။
မနက်ဖြန်မှ စတင်ကာ ငွေစက္ကူအသစ် ထုတ်မည်ဟု နိုင်ငံတော် ဗဟိုဘဏ်က ပြီးခဲ့သည့် သောကြာနေ့တွင် ကြေညာခဲ့သဖြင့် ပုံနှိပ်တိုက် လုပ်ငန်းတွင် လုပ်ငန်း အပ်နှံသူများ ယခင်ထက် ရုတ်တရက် များပြား လာသည်။
အသုံးပြုသည့် စက္ကူများကို တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယမှလည်းကောင်း၊ ပုံနှိပ်မင်ကို တရုတ်၊ ဂျပန် စသည့် နိုင်ငံရပ်ခြားမှ မှာယူ တင်သွင်း ရကြောင်းနှင့် စျေးနှုန်းအနိမ့်ဆုံး တရုတ်ထုတ်မင်တွင် ၂ ကီလိုဂရမ်ခွဲကို ကျပ် ၈၀၀၀ စျေးရှိပြီး၊ အမြင့်ဆုံး ဂျပန်ထုတ်မင် ၁ ကီလိုဂရမ် စျေးနှုန်း မှာ ၅၇၀၀ မှ ၈၀၀၀ ကျပ်အထိရှိကြောင်း Pollen ပုံနှိပ်စက်သုံး ပစ္စည်း အရောင်းဆိုင်က ဆိုသည်။
ပုံနှိပ်တိုက်များမှ စျေးနှုန်းမြှင့်၍ ဝန်ဆောင်ခ တိုးကောက်ပါက ဆက်စပ်နေသည့် မဂ္ဂဇင်း၊ ဂျာနယ် ထုတ်ဝေရေးကိုပါ ထိခိုက် လာနိုင်ကြောင်း စာနယ်ဇင်း အသိုင်းအဝိုင်းတွင် ပြောဆိုမှုများ ရှိနေသည်။
“ဂျာနယ် ရောင်းစျေးကို တင်ရလိမ့်မယ်။ မဟုတ်ရင် စောင်ရေ လျှော့ချတာမျိုး လုပ်ရမယ်” ဟု အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။
မဂ္ဂဇင်း အယ်ဒီတာ တဦးကမူ “ကျနော်တို့ စျေးတော့ ထပ်မတင်တော့ဘူး။ အခုတင်ထားတဲ့ စျေးနှုန်းကိုတောင် ချချင်တာ။ စျေးနှုန်းပေါ် မူတည် ပြီးတော့ မဂ္ဂဇင်းဖောင် လျှော့မယ်။ အများဆုံးတော့ ၂ ဖောင် (တဖောင် = ၈ မျက်နှာ)။ ပြီးတော့ ကြော်ငြာကဏ္ဍ လျှော့မယ်” ဟု ပြောသည်။
လက်ရှိ မြန်မာ စာပေစျေးကွက်မှာ ငြိမ်သက်နေပြီး၊ စာဖတ်သူ ဦးရေ လျော့နည်း လာသဖြင့် ဂျာနယ်၊ မဂ္ဂဇင်းစျေးနှုန်း များ စျေးတင်ရောင်းပါက အလားအလာ မကောင်းနိုင်ကြောင်း ဂျာနယ်နှင့် မဂ္ဂဇင်း အယ်ဒီတာများက သုံးသပ် ပြောဆိုကြသည်။