နိုင်ငံတကာ ဒုက္ခသည်အဖွဲ့က အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို ကြိုဆို

နိုင်ငံတကာ ဒုက္ခသည်အဖွဲ့က အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို ကြိုဆို
by -
မုံပီး
နိုင်ငံခြားရေးဌာနက ကြေညာလိုက်သော မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်တွင် မြန်မာပြည်သူများကို လူသားချင်းစာနာသည့် အကူအညီများ ပိုမိုပေးအပ်မည်ဟု ပါရှိသည့်အတွက် နိုင်ငံတကာ ဒုက္ခသည်များ ...

နယူးဒေလီ (မဇ္ဈိမ) ။     ။ နိုင်ငံခြားရေးဌာနက ကြေညာလိုက်သော မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်တွင် မြန်မာပြည်သူများကို လူသားချင်းစာနာသည့် အကူအညီများ ပိုမိုပေးအပ်မည်ဟု ပါရှိသည့်အတွက် နိုင်ငံတကာ ဒုက္ခသည်များအဖွဲ့ Refugee International – RI က တနင်္လာနေ့တွင် အမေရိကန် နိုင်ငံကို ကြိုဆိုလိုက်သည်။

မြန်မာနိုင်ငံကို အကူအညီ ပေးနိုင်ရေးအတွက် လုံလောက်သော ဘဏ္ဍာရန်ပုံငွေများ ပေးအပ်ပါရန်လည်း ကွန်ဂရက် လွှတ်တော်ကို RI က တိုက်တွန်းလိုက်သေးသည်။

နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်ကို တနင်္လာနေ့က ထုတ်ပြန်ကြေညာလိုက်အပြီး RI က ကြေညာချက်ထုတ်ရာ မြန်မာပြည်သူများအတွက် ပေးအပ်နေသော နိုင်ငံတကာ၏ လူသားချင်းစာနာသည့် အကူအညီများသည် လိုအပ်ချက်ကို ပြည့်မီခြင်း မရှိခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ မူဝါဒတွင် ကြာမြင့်စွာ ရှိနေခဲ့သော ချို့ယွင်းချက်ကြီးကို မူဝါဒသစ်က ပြင်ဆင်လိုက်နိုင်ပြီဖြစ်သဖြင့် ချီးကျူးပါကြောင်း ရေးသားထားသည်။

AI အဖွဲ့ကြီး၏ ခေတ္တဥက္ကဋ္ဌ Joel Charny က `အသဲအသန် လိုအပ်နေသော အကူအညီများ မြန်မာပြည်သူများထံ ရောက်ရှိစေရန် ခွင့်ပြုလိုက်ခြင်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒတွင် ကြာမြင့်စွာ တည်ရှိခဲ့သော ချို့ယွင်းချက်ကြီးကို ပြင်ဆင်လိုက်နိုင်ခြင်းပင် ဖြစ်သည်´ ဟု ပြောသည်။

`ဤမူဝါဒက မြန်မာပြည်သူများကို နှစ်ပေါင်းများစွာ နှစ်ထပ်ကွမ်း ပြစ်ဒဏ်ခတ်သကဲ့သို့ ဖြစ်နေသည်။ သူတို့သည် စစ်အစိုးရ လက်အောက်တွင် နေ့စဉ် ဆင်းရဲဒုက္ခများ ကြံုတွေ့နေရသည်။ တချိန်တည်းတွင် သူတို့ သေရေးရှင်ရေးတမျှ လိုအပ်နေသော အကူအညီများကိုလည်း အမေရိကန်အစိုးရက ငြင်းပယ်ထားသည်။ ယခုမူဝါဒသစ်က မြန်မာပြည်သူများ အသဲအသန်လိုအပ်နေသော အကူအညီများကို လွတ်လပ်သော လမ်းကြောင်းများမှတဆင့် ပိုမိုရောက်ရှိစေမည်´ ဟု ချာနီ Charny  က ဆက်လက်ပြောကြားသည်။

လွန်ခဲ့သော ရ လလုံး ပြန်လည်သုံးသပ်မှုများ ပြုလုပ်နေခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ မူဝါဒသစ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်က လက်ရှိ ပိတ်ဆို့အရေးယူမှုများ ဆက်ထားပြီး တချိန်ထဲတွင် စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို အမေရိကန်အစိုးရက ပြုလုပ်လိုသည်ဟု ဖော်ပြထားသည်။

အမေရိကန် အစိုးရအဆက်ဆက်သည် စစ်အစိုးရခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်း၊ အမေရိကန်သို့ ခရီးသွားလာခွင့် ပိတ်ပင်တားဆီးထားခြင်း အပါအဝင် တင်းကျပ်သော ဘဏ္ဍာရေးနှင့် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ထိန်းသိမ်းထားရှိခဲ့သည်။

သို့သော် ၂၀၀၉ ခု နှစ်ဆန်းတွင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်မည်ဟု မစ္စတာ အိုဘားမားအစိုးရက ကြေညာခဲ့သည်။ ယခု ရ လအကြာတွင် ဤမူဝါဒသစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဤမူဝါဒသစ်အရ အမေရိကန်သည် စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သွားမည်။ မြန်မာ ပြည်သူများအတွက် လူသားချင်းစာနာသည့် အကူအညီများလည်း ပိုမိုပေးအပ်သွားမည်ဖြစ်ပြီး၊ နိုင်ငံတွင်း၌ နိုင်ငံရေးအပြောင်းအလဲများ ပြုလုပ်ရာတွင် တိုးတက်မှုရှိကြောင်း မြန်မာဗိုလ်ချုပ်ကြီးများက ပြသနိုင်မှသာ ပိတ်ဆို့အရေးယူမှုများလည်း တဖြည်းဖြည်း ရုပ်သိမ်းပေးသွားမည်။

`အခု အစိုးရက မြန်မာနိုင်ငံတွင်းမှာ လူသားချင်းစာနာတဲ့ အကူအညီတွေ ပိုပေးမယ်လို့ သူ့ရည်ရွယ်ချက်ကို ကြေညာထားပါပြီ။ ဒါကြောင့် ကွန်ဂရက်လွှတ်တော်ကလည်း ၂၀၁၀ အစီအစဉ်အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို အပြည့်အဝ ထောက်ပံ့ပေးပါ´ ဟု ချာနီက ပြောသည်။

`မြန်မာနိုင်ငံအတွက် အနည်းဆုံး ဒေါ်လာ ၃၉.၈ သန်း လျာထားသတ်မှတ်ပေးရန် ဆီးနိတ်လွှတ်တော်ကို RI က ထောက်ခံသည်။ ထိုငွေများကို ပြည်တွင်းရှိ ပြည်သူများကို၎င်း၊ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးလာကြရသော ဒုက္ခသည်များကို၎င်း၊ အလိုအပ်ဆုံးနေရာတွင် ကူညီသွားရန်ကိုလည်း သဘောတူပါသည်´ ဟု ချာနီက ဆက်လက်ပြောကြားခဲ့သည်။

စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ OECD ၏ စာရင်းအင်းများအရ မြန်မာနိုင်ငံသည် ၂၀၀၇ ခုနှစ်အတွင်း ပင်လယ်ရပ်ခြား ဖွ့ံဖြိုးရေး အကူအညီအဖြစ် လူတဦးလျှင် ၄.၀၈ ဒေါ်လာနှုန်း ရရှိခဲ့ပြီး၊ ထိုပမာဏသည် အဆင်းရဲဆုံး ၅၅ နိုင်ငံ၏ လူတဦးလျှင် ပျမ်းမျှ ၄၂ ဒေါ်လာ ရရှိနေသည့် ပမာဏထက် နည်းနေသေးသည်ဟု ဆိုသည်။

ကုလသမဂ္ဂ ဖွ့ံဖြိုးမှုအစီအစဉ် UNDP ၏ စာရင်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူတဦးကျ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု တန်ဖိုးတွင် အနိမ့်ဆုံးအဆင့် နိုင်ငံများ၌ အဆင့် ၁၃ တွင် ရှိနေသည်ဟု ဆိုသည်။ ပျမ်းမျှ မြန်မာမိသားစုတစုသည် ဝင်ငွေ၏ ရ၅ ရာခိုင်နှုန်းကို အစားအသောက်အတွက် သုံးစွဲကြရသည်။

`မြန်မာပြည်သူများသည် လူသားရေးရာ အကျပ်အတည်း ချောက်နှုတ်ခမ်းပေါ်တွင် ကြာရှည်စွာ နေလာခဲ့ကြရသည်။ နောက်ထပ် ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပါက အလွန်အန္တရာယ် ကြီးသည်ဆိုသည်ကို နာဂစ်ဆိုင်ကလုံးမုန်တိုင်းက ပြသခဲ့ပြီးဖြစ်သည်´ ဟု RI က ဆိုသည်။

လူပေါင်း ၁၄၀၀၀၀ မျှ သေကြေ သို့မဟုတ် ပျောက်ဆုံခဲ့ရပြီး လူပေါင်း ၂.၄ သန်း၏ ဘဝကို ဖျက်ဆီးပစ်ခဲ့သော ကြောက်မယ်ဖွယ် ကောင်းလှသည့် နာဂစ်မုန်တိုင်းအပြီးတွင် အမေရိကန်က အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ရ၅ သန်း ပေးအပ်ခဲ့သည်။

ဆိုင်ကလုံးမုန်တိုင်းအပြီး အမေရိကန်နိုင်ငံ၏ ကြိုးပမ်းမှုများက အကူအညီများကို မြန်မာနိုင်ငံတွင်း၌ ထိရောက်စွာနှင့် ပွင့်လင်းမြင်သာစွာ ပေးအပ်ရန် ဖြစ်နိုင်ကြောင်း ပြသခဲ့သည်ဟု RI က ပြောသည်။

`မည်သို့ပင်ဆိုစေ ထိုဆိုင်ကလုံးမုန်တိုင်း မတိုင်ခင်က တိုင်းပြည်တွင်းရှိ ၅၅ သန်းမျှသော ပြည်သူများအတွက် အမေရိကန်က ပေးအပ်သော အကူအညီသည် တနှစ်လျှင် မဖြစ်စလောက် ဒေါ်လာ ၃ သန်းမျှသာ ရှိသည်´ ဟု RI က ပြောသည်။

Most read this week