ဆည်ဖောက်ချ သဖြင့် ရွာသား ၃၅၀ ခန့် အိုးအိမ်များ စွန့်ခွာရ

ဆည်ဖောက်ချ သဖြင့် ရွာသား ၃၅၀ ခန့် အိုးအိမ်များ စွန့်ခွာရ
ပဲခူးတိုင်း ပြည်မြို့နယ်ရှိ တောင်နဝင်းဆည် ရေဖောက်ချသဖြင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာ ၅ ရွာမှ လူဦးရေ ၃၅၀ ခန့်၏ နေအိမ်များ ရေနစ်မြုပ်ကုန် သဖြင့် နေရပ်ကို စွန့်ခွာနေရ ...

နယူးဒေလီ။      ။ ပဲခူးတိုင်း ပြည်မြို့နယ်ရှိ တောင်နဝင်းဆည် ရေဖောက်ချသဖြင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာ ၅ ရွာမှ လူဦးရေ ၃၅၀ ခန့်၏ နေအိမ်များ ရေနစ်မြုပ်ကုန် သဖြင့် နေရပ်ကို စွန့်ခွာနေရသည်။

ဆည် အာဏာပိုင်များက ရေလွှတ်မြောင်းများမှ တဆင့် ရေဖောက်လွှတ် သဖြင့် ယမန်နေ့ နံနက် ၂ နာရီခန့်မှ စတင် ကာ ဇီးအုပ်ကျေးရွာ အုပ်စုဝင် ဇီးအုပ်နှင့် နတ်တလင်း အပါအဝင် ကျေးရွာ ၅ ရွာသို့ ရေများ ဝင်ရောက် လာသော ကြောင့် ရွာသား ၃၅၀ ခန့်သည် ဇီးအုပ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက် ခိုလှုံနေရခြင်း ဖြစ်သည်။

“ဆည်ရေ ဖောက်ချတာလေ။ တောင်နဝင်းဆည်က။ အခုတလောက ဒီဘက်မှာ မိုးတအား ရွာတယ်။ တပတ်ကို ၅ ရက် လောက်ရွာတော့ ဆည်ရေ ပြည့်လာလို့ ဖောက်ချ လိုက်တာ ဖြစ်မယ်။ အနားက ရွာ ၅ ရွာလောက် ရေမြုပ်တယ်။ လူတွေက ဘုန်းကြီးကျောင်းမှာ” ဟု ပြည် ဒေသခံတဦးက ပြောသည်။

နေအိမ် ၂၀၀ ခန့်သာမက လယ်မြေ တချို့ပါ ရေမြုပ်ခံရပြီး၊ ပြည်မြို့အထွက် အောင်လံမြို့သို့ သွားရာကားလမ်းနှင့် ဝက်ထီးကန်မြို့သို့ သွားရောက်ရာ ကားလမ်းများ ရေလွှမ်း သွားသော်လည်း ပြည်-မန္တလေး၊ ပြည်-ဝက်ထီးကန် ခရီးစဉ်များ ရပ်နားခြင်း မရှိပါ။

ဧရာဝတီ မြစ်ရေတက် သဖြင့် နှစ်စဉ်ဆိုသလို ပြည်မြို့တောင်ဘက် နဝင်း ကွက်သစ်နှင့် ချောင်းနားတန်း ရွာများ ရေမြုပ်လေ့ ရှိသော်လည်း ယခုကဲ့သို့ မြို့အရှေ့တောင်ဘက်ရှိ မြစ်နှင့်ဝေးသော ကျေးရွာများ ရေလွှမ်းခံ ရခြင်းမှာ ပထမဆုံး ဖြစ်သည်။

ရေဘေး ဒုက္ခသည်များ အတွက် ဒေသ အာဏာပိုင်များက ပြည်မြို့ ရပ်ကွက် ရ ခုမှ ထမင်းထုပ်များ လိုက်လံ၍ အလှူခံလျက် ရှိသည်။

“မယက (မြို့နယ်ကောင်စီ) တွေက လော်စပီကာနဲ့ လိုက်အော်တယ်။ ထမင်းထုပ်တွေ ကူညီကြပါ ပေါ့နော်။ အတင်းအကျပ်တော့ မဟုတ်ပါဘူး။ ကိုယ့်စေတနာ အလျောက်ပေါ့။ ကျမတို့လည်း ထည့်လိုက်ပါတယ်” ဟု  နဝင်း ကွက်သစ် ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး တဦးက ပြောသည်။

ပြည်မြို့ရှိ ခေတ္တရာ လူငယ် သာရေးနာရေး ကူညီမှု အသင်းနှင့် မြို့ခံ ဆွမ်းလောင်း အသင်းများကလည်း ဒုက္ခသည် များအတွက် အစားအသောက်များ ကူညီ နေသည်။

ခေတ္တရာအသင်းမှ တာဝန်ရှိသူတဦးက “ကျနော်တို့လည်း တတ်နိုင်သလောက် ပေါ့နော်။ ရွာဘဲ ရပ်ကွက်က ဗုဒ္ဓဟူး ဆွမ်းလောင်း အသင်းနဲ့ ပေါင်းပြီး ဒီနေ့မနက်ပဲ ငါးခြောက်နဲ့ ထမင်းကြော် သွားပြီး ကူညီခဲ့ပါတယ်။ အခုလည်း သူတို့က ကိုယ့်ဟာကိုယ် ချက်စားမယ် ဆိုလို့ ဆန်နဲ့ ဆီတွေ သွားလှူနေပါတယ်”ဟု ပြောသည်။

ပြည်မြို့သည် ပဲခူးတိုင်း အနောက်ပိုင်း တိုင်းခွဲတွင် စီးပွားရေး အချက်အခြာ ကျသည့်မြို့ ဖြစ်ပြီး အနီးနားတွင်  ရွှေတောင်၊ အောင်လံ၊ ဆင်တဲ၊ ဥသျှစ်ပင်၊ ပေါင်းတည်နှင့် ဝက်ထီးကန်မြို့များ တည်ရှိသည်။

(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။)