နေအိမ် ပြုပြင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆို

နေအိမ် ပြုပြင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းဆို
by -
နန်းဒေဝီ
နေအိမ် ပြုပြင်ရေး အတွက် ကိုယ်စားလှယ် လွှဲစာ ရယူရန် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ရရှိရေးအတွက် အာဏာပိုင်များထံ ယမန်နေ့က ခွင့်ပြုချက် တောင်းထားကြောင်း ပါတီ ပြောခွင့်ရ ...

နယူးဒေလီ (မဇ္စျိမ)။      ။ နေအိမ် ပြုပြင်ရေး အတွက် ကိုယ်စားလှယ် လွှဲစာ ရယူရန် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် ရရှိရေးအတွက် အာဏာပိုင်များထံ ယမန်နေ့က ခွင့်ပြုချက် တောင်းထားကြောင်း ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

လုံခြံုမှု မရှိသည့် အပေါ်ထပ် ဝရံတာကို အခန်းဖွဲ့ရန် မြို့တော် စည်ပင်ထံမှ တင်ပြရမည် ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်စားလှယ် လွှဲစာ လက်မှတ် ရယူရေးအတွက် ရန်ကုန်တိုင်း ရဲအထူးသတင်း တပ်ဖွဲ့ထံ တောင်းဆို ထားခြင်း ဖြစ်သည်။

“ကျနော်တို့ဘက်က အဆင်သင့် ဖြစ်ပြီ။ မနေ့ကပဲ ကျနော် ရန်ကုန် ရဲသတင်းတပ်ဖွဲ့ဆီမှာ ဒေါ်စုနဲ့တွေ့ဖို့ ခွင့်ပြုချက် သွားတင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီ သွားပြီးတော့ လက်မှတ်ရေးထိုးဖို့ လိုတယ်။ သူ့ကိုယ်စားလှယ် လွှဲအပ်ဖို့ သူ့လက်မှတ်တွေ လိုတယ်” ဟု အန်အယ်ဒီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

ဝရံတာ ပြုပြင်ရေး အတွက် ဗိသုကာ ပညာရှင်တဦးက ပုံကြမ်း ရေးဆွဲခြင်း၊ လိုအပ်သည့် ပစ္စည်းစာရင်း ပြုစုခြင်းနှင့် ရန်ကုန်တိုင်း စည်ပင်သာယာ ခွင့်ပြုချက် ရယူရန် ပုံစံများ ရေးဆွဲခြင်းကို ယမန်နေ့က အပြီးသတ် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

“Balcony (ဝရံတာ) ကို ပြင်မလို့ပါ။ အဲဒီ ဝရံတာကြီးက လုံခြံုရေး မကောင်းဘူး။ မကောင်းတဲ့ လူတွေ တက်ဖို့ လွယ် တယ်။ တက်ပြီး အိမ်ထဲဝင် လို့လည်း လွယ်တယ်။ ဒါကြောင့် ဝရံတာ တခုလုံးကို အုတ်စီပြီးတော့ အခန်းဖွဲ့မလို့၊ အဲဒါ လေးပါ။ ကျန်တဲ့အပိုင်းတွေ ပြင်ဖို့ မရှိပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သူက ဆက်ပြီး “ဘယ်တော့ ခွင့်ပြုချက် ရမလဲဆိုတာ ကျနော်တို့ မသိပါဘူး။ ကျနော်တို့ ကတော့ အမြန်ဆုံး ဝင်ချင်တာ ပေါ့။ ဝင်ခွင့်ကတော့ ကျနော် ခန့်မှန်းတာ ကတော့ ဒီအပတ်ထဲမှာ ရနိုင်ပါတယ်။ စည်ပင် ခွင့်ပြုချက်နဲ့ ပတ်သက် လာရင်တော့ ကြန့်ကြာမှု အတိုင်းအတာ ကျနော် နားမလည်ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အမေရိကန် နိုင်ငံသား ဂျွန်ယက်တော တိတ်တ ဆိတ် ရေကူး ဝင်ရောက်ခဲ့ သဖြင့် အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ အင်းစိန်ထောင်တွင် တရား ရင်ဆိုင်နေစဉ် အဆိုပါ တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ် အမှုကိစ္စ ပေါ်ပေါက် ခဲ့သေးသည်။

၂၀၀၁ ခုနှစ်အတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင််ဆန်းဦးက လက်ရှိ ဒေါ်စု နေထိုင်နေသည့် အင်ယားကန်ဘေး ရှိ ၂ ထပ် အဆောက်အအုံ အမွေဆိုင် ကိစ္စဖြင့် အမှု ရင်ဆိုင်ခဲ့ရာ ယနေ့ထိတိုင် တရားရုံးက အမှုကို ဆိုင်းငံ့ ထားဆဲဖြစ်သည်။

ထိုအမွေဆိုင် ကိစ္စကြောင့် လက်ရှိ ပြုပြင်ရန် စည်ပင်ထံသို့ ခွင့်ပြုချက် တောင်းဆို ထားခြင်းအပေါ် အတားအဆီး မဖြစ်နိုင်ကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။

“ဒါက ပိုင်ဆိုင်မှုမှ မဟုတ်ဘဲ။ အိမ်တခုလုံးကို ပြန်ဆောက်တာ မဟုတ်ဘူးလေ။ လုံခြံုရေးအတွက် ပြင်တာ ဆိုတော့ ကျနော်တို့က ခွင့်ပြုချက် ရမယ်လို့ ယုံကြည်နေပါတယ်” ဟု သူက ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက် သည်ဟုဆိုကာ ဆိုင်းငံ့ပြစ်ဒဏ် ၁ နှစ်ခွဲဖြင့် နေအိမ်၌ အကျယ်ချုပ် ကျခံရန် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် စစ်အစိုးရက အမိန့်ချ ခဲ့သည်။