ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် မဟာကြာ မူးယစ်ဆေးစွဲဖြတ်ရာမှ နေမကောင်းသဖြင့် တောင်ကြီးမြို့ ဆေးရုံသို့ သွားရောက်ကုသနေရကြောင်း မယ့်ဟောင့်ဆောင် သတင်းရပ်ကွက်ပြောပါသည်။
“ဘိန်းစားလို့ အပြောမခံချင်လို့ ဇွတ်အတင်းဖြတ်တော့ ဒုက္ခခံရတယ်၊ အော့အန်တယ်၊ ၀မ်းလျှောတယ် - ဆေးကုသရင်း ဆေးရုံကတဆင့် ကူဖြတ်ပေးဖို့တောင်ကြီးသွားတာ” - မိသားစု နှင့် နီးစပ်သည့် နမ့်ဇန်သား တဦးက ပြောပါသည်။
အသက် ၅၈ နှစ် ရှိ အက်စ်သုံးလုံး ကုမ္ပဏီပိုင်ရှင် နှင့် ဟိုမိန်းဒေသ နယ်ခြားကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် မဟာကြာ သည် ပြီးခဲ့သည့် ရ-၈ ရက်က ရုတ်တရက် ဆေးဖြတ်လိုက်သောကြောင့် ၂၀/၉/၀၉ က အပြင်းအထန်အော့အန်ကာ အထက်လှန် အောက်လျှော ဖြစ်သွားကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းဝိုင်းက ဆိုသည်။
“မဟာကြာက ဟိုမိန်း ပြန်မလာတာ ၃ နှစ် ကျော်ပြီ၊ အဖွဲ့အစည်း လုပ်ငန်းတာဝန် အားလုံး သူ့သား ခွန်နုကို လွဲအပ် ထားတယ်။ အများအားဖြင့်သူက နမ့်ဇန်မှာဘဲ နေတာ” - ဟု ဟိုမိန်း ဒေသခံ အမျိုးသား တဦးက ပြောပါသည်။
မဟာကြာဦးဆောင်သည့် ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ်ဖွဲ့သည် ခွန်ဆာ၏ မုန်းတိုင်းတပ်မတော် MTA လက်နက်ချစဉ် ပါ၀င်သည့်အဖွဲ့ တဖွဲ့ဖြစ်ပြီး စစ်အစိုးရက လက်နက်ပြန်ကိုင်ခွင့်ပြုကာ ထိုင်းနယ်စပ်မှတဆင့် ဟိုမိန်းဒေသ - နမ့်ဇန် - တောင်ကြီးကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်နေသောအဖွဲ့ဖြစ်သည်။
“မဟာကြာ အဖွဲ့က လက်နက်ချအဖွဲ့လို့ပြောပေမဲ့ အခွင့်ထူးတော်တော်ရတဲ့အဖွဲ့ဘဲ။ သူတို့တွေဟာ ပြည်သူ့စစ်တပ်ဖွဲ့ ဆိုတော့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရမယ့် အထဲမှာသူတို့မပါဘူး။ ဒါပေမယ့် သူတို့က ပြည်သူ့စစ်ပုံစံမနေဘူး။ စတိုင်က ငြိမ်းအဖွဲ့လိုလို ဘာလိုလို။ စစ်အစိုးရက အမြင်ကပ်ပုဒ်မနဲ့ နယ်ခြားကာကွယ်ရေးအဖွဲ့ထက်နှိမ့်တဲ့ အဆင့် လျှော့ချရင်တော့ ပြဿနာတက်နိုင်တယ်”- ဟု ဆက်ပြော၏။
မဟာကြာသည် ကွယ်လွန်သူ WNO/WNA ဥက္ကဌ စဝ်မဟာဆန်း၏ ဖအေတူ မအေကွဲညီဖြစ်သည်။ မဟာကြာဦဆောင် သည့်ဟိုမိန်းနယ်ခြားကာကွယ်ရေးအဖွဲ့မှာ လက်နက်ကိုင်အင်အား ၂၈၀ ၊ ထမင်းစားအင်အာ (တပ်ဖွဲ့ဝင်အားလုံး စုစု ပေါင်း) ၃၅၀ ခန့်ရှိသည်ဟု သိရပါသည်။