စည်းကမ်းပျက် ဘောလုံးသမားများ အရေးယူမည်ဟု အဖွဲ့ချုပ် ပြောကြား

စည်းကမ်းပျက် ဘောလုံးသမားများ အရေးယူမည်ဟု အဖွဲ့ချုပ် ပြောကြား
by -
နန်းဒေဝီ
မြန်မာ့ ဘောလုံး လောက ပရော်ဖက်ရှင်နယ်အဆင့် တက်လှမ်းရာတွင် အားကစားသမား တဦးချင်းစီ၏ စည်းကမ်း လိုက်နာမှုအဆင့် မြှင့်တင်ရန် မြန်မာ ဘောလုံးအဖွဲ့ချုပ် MFF က စည်းကမ်းသစ်များ ထုတ်ပြန် ...

နယူးဒေလီ (မဇ္စျိမ)။       ။ မြန်မာ့ ဘောလုံး လောက ပရော်ဖက်ရှင်နယ်အဆင့် တက်လှမ်းရာတွင် အားကစားသမား တဦးချင်းစီ၏ စည်းကမ်း လိုက်နာမှုအဆင့် မြှင့်တင်ရန် မြန်မာ ဘောလုံးအဖွဲ့ချုပ် MFF က စည်းကမ်းသစ်များ ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လ ဒုတိယပတ်တွင် မြန်မာနေရှင်နယ်လိဂ် MNL ကလပ်အသင်းဝင် အားကစားသမား အနေဖြင့် အနည်းဆုံး ပြစ်ဒဏ်အဖြစ် ပြိုင်ပွဲ ၁ ပွဲပယ်၊ ငွေဒဏ် ၁ သိန်းမှ ၆ ပွဲပယ်၊ ဒဏ်ငွေ ၃ သိန်းအထိ ပေးဆောင်ရန် ချမှတ်ခဲ့မည့် အပြင် အားကစားလောကမှ ရာသက်ပန် ထုတ်ပယ် သည်အထိ အရေးယူမည်ဟု သိရခြင်း ဖြစ်သည်။

“မကျေနပ်လို့ ပရိသတ်ကို ဘောင်းဘီ ချွတ်ပြတာမျိုး၊ ရိုင်းပျတဲ့ အပြုအမူမျိုးကတော့ ပြင်းပြင်း ထန်ထန် အရေးယူ သွားမှာ ဖြစ်တယ်။ လိုအပ်ရင် ရာသက်ပန် ထုတ်ပစ်တာမျိုး လုပ်သွားမယ်” ဟု MFF ၏ ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက မဇ္စျိမကို ပြောသည်။

ဘောလုံးသမားများ လိုက်နာရန် စည်းကမ်းချက်များကို နိုင်ငံတကာ ပရော်ဖက်ရှင်နယ် ဘောလုံး စည်းမျဉ်း စည်းကမ်း များကို အခြေခံ၍ MFF က ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ဦးစိုးမိုးက “မြန်မာ အားကစားသမားတွေ ပြည်ပထွက် ဘောလုံးကန်တဲ့အခါ မဖြစ်သင့်တာတွေ မဖြစ်ဖို့၊ ကြိုတင် စည်းကမ်းချက်တွေ လိုက်နာပြီးသား ဖြစ်နေဖို့ အခုလို စည်းကမ်းချက်တွေ ထုတ်လိုက်တာပါ” ဟု ပြောသည်။

လက်ရှိ MNL ဘောလုံး ရာသီအတွင်း အရေးယူ ခံရသူ ဘောလုံးသမား ၂ ဦး ရှိပြီး၊ မန္တလေး ရတနာပုံအသင်းမှ ကိုသူရိန်စိုးကို ဒဏ်ကြေး အဖြစ် ကျပ်ငွေ ၂ သိန်းနှင့်အတူ MNL ပြိုင်ပွဲအတွင်း ၄ ပွဲပယ်ထားကာ၊ ဇေယျာရွှေမြေ ကလပ်အသင်းမှ အနီကတ် ပေးခံရသူ ကိုမင်းသူကို ဒဏ်ငွေ ကျပ် ၂ သိန်းနှင့် ၂ ပွဲ ပယ်ထားသည်။

“ကစားသမား ၂ ယောက်အပြင် အခုချိန်ထိတော့ ပြင်းပြင်း ထန်ထန် အရေးယူခံ ရတာမျိုးတော့ မရှိသေးဘူး။ ပရို အဆင့် မဖွဲ့ခင်ကတော့ ဒဏ်ကြေးကို ၅ သောင်း သတ်မှတ်ခဲ့တာ။ အခုတော့ ကစားသမားကြေးလည်း မြင့်လာတော့ သိန်းဂဏန်း သတ်မှတ်လာတာပါ” ဟု ဦးစိုးမိုးက ပြောသည်။

လက်ရှိ ရာသီ၌ အဝါကတ် ၂ ကြိမ် ပြခံရသူပေါင်း ၆၀ ကျော်ရှိကြောင်း MNL ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

အားကစားသမားများ အတွက် စည်းကမ်းချက်များ ရှိသလို ပွဲကြည့် ပရိသတ်ကိုပါ ပွဲကြည့်နေစဉ် တဖက်အသင်းကို ကြမ်းတမ်းစွာ တိုင်းထွာဆဲရေး ပြုခြင်း၊ ပွဲကြည့် ပရိသတ်များကို စိတ်အနှောင့်အယှက်ဖြစ်ရန် လုပ်ဆောင်ခြင်း၊ ပွဲကြည့်စဉ် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ဆောင်ခြင်း ပြုလုပ်ပါက ဘောလုံးဥပဒေအရ အရေးယူသွားမည်။

“ဘောပွဲကြည့် ပရိသတ်က ၂ မျိုး ရှိတယ်။ သာမန်ပွဲကြည့် ပရိသတ်နဲ့ ဘောလုံးအသင်း ကုမ္ပဏီကနေ လက်မှတ်ပေးပြီး၊ အသင်းအင်္ကျီဝတ်ပြီး လာအားပေးတဲ့ အဖွဲ့တွေရှိတယ်။ တဖက်အဖွဲ့ ဆက်မကစား နိုင်အောင် အလွန်အကျွံ အားပေးတာမျိုးတွေ ရှိတယ်။ အဲဒါမျိုးကို ဆိုလိုပါတယ်” ဟု ကိုစိုးမိုးက ပြောသည်။

ယခုလ ၂၀ ရက်နေ့က ကစားခဲ့သည့် ရန်ကုန်-မကွေး MNL ပြိုင်ပွဲတွင် ကြည့်ရှု အားပေးသည့် ပရိသတ်များထဲမှ တဦးက ကစားနေစဉ် ဆူပူအားပေးသဖြင့် ကစားကွင်းရှိ အာဏာပိုင်များက ခေတ္တခေါ်ယူ ထိန်းသိမ်းခဲ့ ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးများက  မြန်မာဘောလုံး ကလပ်အသင်းများကို စတင်တည်ထောင်ခဲ့ကြောင်း ထိုနေ့တွင် ရန်ကုန် ဆီဒိုးနားဟိုတယ် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

MNL အသင်းများကို ပြီးခဲ့သည့် မေလမှ စတင်ကာ တိုင်း ရ တိုင်း ကိုယ်စားပြု ရ သင်းနှင့် ပုဂ္ဂလိက တသင်းဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ကုန်ပိုင်း (သို့) လာမည့် နှစ်ဆန်းပိုင်းတွင် လက်ရှိ MNL ကလပ်အသင်းများမှ အရန် ကစားသမားများကို စုစည်းကာ B အသင်းအဖြစ် သတ်မှတ်ဖွဲ့စည်းပေးပြီး၊ ယခု နှစ်ကုန်ပိုင်း (သို့) လာမည့် နှစ်ဦးပိုင်းတွင် ပြိုင်ပွဲများ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

“အသင်း ၈ သင်းမှာ တခါမှ မကစားရသေးတဲ့ ဘောလုံးသမားတွေ ရှိသေးတယ်။ သူတို့လည်း ခြေအစွမ်းပျက် မသွားအောင်၊ အရည်အသွေး မြင့်လာအောင် ဆိုပြီးတော့ B အသင်းဖွဲ့ပြီး ကစားပွဲတွေ လုပ်သွားမယ်” ဟု ဦးစိုးမိုးက ပြောသည်။

ထို့အပြင် အလတ်တန်း ပရော်ဖက်ရှင်နယ် (Semi-Professional) အဆင့်ကို တက်လှမ်းရန် MFF အနေဖြင့် ကြိုးစား လုပ်ဆောင် သွားမည်ဟုလည်း သိရသည်။