ပါတီသွေးသစ်လောင်းပြီး ရွေးကောက်ပွဲဝင်မည်ဟု တစည ပြော

ပါတီသွေးသစ်လောင်းပြီး ရွေးကောက်ပွဲဝင်မည်ဟု တစည ပြော
by -
နီမိုးမြင့်
၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေဖြင့် လက်ရှိ ခေါင်းဆောင်ပိုင်း လူကြီးများအစား လူငယ်သွေးသစ်များ အစားထိုး၍ ယှဉ်ပြိုင်သွားမည် ...

ရန်ကုန် (မဇ္ဈိမ)။     ။ ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေဖြင့် လက်ရှိ ခေါင်းဆောင်ပိုင်း လူကြီးများအစား လူငယ်သွေးသစ်များ အစားထိုး၍ ယှဉ်ပြိုင်သွားမည်ဟု ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်သော ပါတီ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားသည်။

“ပါတီအနေနဲ့ မျိုးဆက်သစ်တွေကို အစားထိုးဖို့ အချိန်တန်ပြီ ဖြစ်တာကြောင့် လူငယ်တွေနဲ့ပဲ ရွေးကောက်ပွဲကို
ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ” ဟု တက္ကသိုလ် ရိပ်သာလမ်းရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီဌာနချုပ်တွင် ကျင်းပသော ပါတီ ၂၁ နှစ်မြောက်ပွဲတွင် ဦးခင်မောင်ကြီးက ပြောသည်။

တစည အနေဖြင့် မြန်မာတနိုင်ငံလုံးတွင် လူငယ်သွေးသစ် ၅၀၀ ကျော်ကို လျာထားပြီး၊ အဆိုပါ လူငယ် ၅၀၀ ကျော်အနက်မှ မဲဆန္ဒနယ် ၃၀၀ ဝန်းကျင်တွင် ပါဝင် ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။

လက်ရှိ ပါတီ ခေါင်းဆောင်ပိုင်း အနေဖြင့် မည်သည့် တာဝန်များကို ဆက်လက် ထမ်းဆောင်ပြီး မည်သို့သော အခန်းကဏ္ဍမှ ပါဝင် လှုပ်ရှားသွားမည်ကိုမူ ဦးခင်မောင်ကြီးက ပြောဆိုခဲ့ခြင်း မရှိပါ။

“ဘယ်မြို့နယ်တွေမှာ ဝင်ပြိုင်မယ်ဆိုတာကိုတော့ သက်ဆိုင်ရာ တိုင်းဦးစီး ကော်မတီအလိုက် ဆုံးဖြတ်ပါလိမ့်မယ်။ ဒါပေမဲ့ ပြောနိုင်တာတခုက ကျနော်တို့ တိုင်းရင်းသားဒေသတွေထက်စာရင် ပြည်မဘက်က မြို့နယ်တွေကို အလေးထား ယှဉ်ပြိုင်သွားမှာပါ” ဟု  ဗဟို အမှုဆောင်အဖွဲ့ဝင် နိုင်ငံရေး လှုပ်ရှားမှုကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်းက ဆိုသည်။

တရားဝင် ကျန်ရှိနေသော နိုင်ငံရေးပါတီ ၁၀ ပါတီအနက် တစညသည် အဓိက အတိုက်ခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကဲ့သို့ပင် နိုင်ငံတဝှန်း၌ ရုံးများရှိသော ပါတီဖြစ်သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း အတော်ပင် အသံတိတ်နေခဲ့သည်။

ကွယ်လွန်ပြီးသော အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ၁၉၈၈ လူထုအုံကြွမှုကြောင့် ပါတီ ပျက်ပြားသွားခဲ့ပြီးနောက် တစည အဖြစ် အသွင်ပြောင်းခဲ့သည်။

မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို ယုံကြည်သော ပါတီကို ထောက်ခံမဲပေးမည့်သူ ၃ သန်းကျော် ရရှိထားပြီးဖြစ်ကြောင်း ဦးသိန်းထွန်းက ပြောသည်။

“တရားဝင် ပါတီဝင်ကတော့ ၁၉၉၂ အစိုးရက နိုင်ငံရေးပါတီတွေ စည်းရုံးလှုပ်ရှားခွင့် တားမြစ်လိုက်ချိန်မှာရှိတဲ့ အရေအတွက် ၅ သိန်းခွဲ ရှိပါတယ်။ အခုက အမာခံ အင်အားအဖြစ် လိုက်စည်းရုံးထားတာတွေပါ။ ပါတီဝင်ကတ်တွေ ဘာတွေကတော့ ရွေးကောက်ပွဲဥပဒေ ပေါ်ထွက်လာပြီးမှ စီစဉ်မှာပါ” ဟု ဦးသိန်းထွန်းက ပြောသည်။

အတိုက်အခံ အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်လျက်ရှိသော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် မည်သို့သော အမြင်ရှိသလဲဟု မေးမြန်းခဲ့ကြည့်ရာ ”ဒီဥပဒေကို ပြည်သူတွေက နှစ်သက်ထောက်ခံလို့ ၉၀ ရာခိုင်နှုန်းကျော် ရာနှုန်းပြည့်နီးပါး ထောက်ခံ အတည်ပြုထားတာကို ကျနော်တို့အနေနဲ့ ပြောစရာမရှိပါဘူး။ နိုင်ငံတနိုင်ငံမှာတော့ အခြေခံဥပဒေက မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်” ဟု ယခင် ကုန်သွယ်ရေးဝန်ကြီးဟောင်း ဦးခင်မောင်ကြီးက ဖြေကြားသွားသည်။

တစညပါတီနှင့် ပူးပေါင်းလိုသော နိုင်ငံရေးပါတီများ ရှိခဲ့ပါကလည်း ၎င်းတို့နှင့် မူဝါဒ သဘောထားချင်း တိုက်ဆိုင်ပါက ညွန့်ပေါင်းပါတီအဖြစ် ပူးတွဲယှဉ်ပြိုင်သွားမည်ဟု သူက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဖွဲ့စည်းထားသည့် ပါတီများတွင် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ၊ တသီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ကွန်ယက်အဖွဲ့၊ ဝါရင့် ရှမ်းအမျိုးသား ဦးရွှေအုန်း ဦးဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့၊ တတိယအင်အားစုများ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့တချို့၊ ကချင်ပြည်နယ် တိုးတက်သော ပါတီနှင့် အပစ်ရပ် မွန်ပြည်သစ်အဖွဲ့ကလည်း ပါတီဖွဲ့စည်းကာ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီး အငြင်းပွားဖွယ်ရာ အပြည့်ဖြစ်သော အခြေခံ ဥပဒေသစ်အရ မဲဆန္ဒနယ် ၄၉၈ နယ်အဖြစ် သတ်မှတ်ထားသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သော်လည်း အာဏာလွှဲပေးခြင်း မခံရဘဲ ပါတီလှုပ်ရှားမှုများပါ ကန့်သတ်ခံနေရဆဲဖြစ်ပြီး၊ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင် အများအပြား ချုပ်နှောင် ထောင်ချခံထားရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပါရန် တောင်းဆိုထားသည်။