နယူးဒေလီ (မဇ္စျိမ)။ ။ အမှု အယူခံ ကိစ္စနှင့် နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် ချုပ်နှောင်ထားစဉ် လိုက်နာရမည့် ကန့်သတ်မိန့်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ ယနေ့တွင် တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။
ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံး၌ အမှုအယူခံ လျှောက်လဲချက်နှင့် နေအိမ်တွင် နေထိုင်စဉ် လိုက်နာရန် အာဏာပိုင်များက ထုတ်ပြန်ထားသည့် ကန့်သတ်မိန့် ၈ ချက်နှင့် ပတ်သက်၍ ယနေ့ ညနေပိုင်းတွင် ၂ နာရီကြာမျှ တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
“ရှေ့နေ ၄ ဦးစလုံး ပါပါတယ်။ အချက် ၂ ချက်ပါ။ တချက်က အောက်တိုဘာ ၂ ရက်နေ့မှာ ချမှတ်မယ့် အမိန့်၊ ဘာလဲတော့ ကျနော်တို့ မသိဘူး။ ဘယ်လိုအမိန့်ပဲ ချချ၊ ကျနော်တို့ ဘယ်လိုရင်ဆိုင်မယ်၊ ဘယ်လို ဆောင်ရွက်မယ်ဆိုတာကို ဆွေးနွေးတိုင်ပင်တာ ဖြစ်တယ်” ဟု ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
“ဒုတိယတချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်ခင်ခင်ဝင်း၊ သမီး မဝင်းမမတို့အပေါ်မှာ ကန့်သတ်ထားတဲ့ စည်းကမ်းချက် ၈ ချက်။ ဒီ ၈ ချက်ထဲက ကျနော်တို့ အခုထိ မရှင်းလင်းသေးတဲ့ အချက်တွေ ရှိတယ်။ တချို့ အချက်တွေက နှစ်ခွတွေးလို့ ရပါတယ်။ အငြင်းပွားစရာ၊ မရှင်းလင်းတဲ့ အချက်တွေ ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို စာရေးသားပြီး ရှင်းလင်းချက် လုပ်ပေးဖို့၊ စာရေးဖို့ ညှိနှို်င်းကြတာ ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။
ကန့်သတ်ချက် ၈ ချက်မှာ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြန်လည်နေထိုင်ခွင့်ပြုခြင်း၊ ခြံဝင်းအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုခြင်း၊ ကျန်းမာရေးအတွက် ဆရာဝန် သူနာပြုများ ပြသခွင့်ရှိခြင်း၊ သက်ဆိုင်ရာ၏ ခွင့်ပြုချက်နှင့် ဧည့်သည်တွေ့ခွင့်ပြုခြင်း၊ မြဝတီနှင့် မြန်မာ့ရုပ်မြင်သံကြား ကြည့်ခွင့်ရှိခြင်း၊ ပြည်တွင်း၌ တရားဝင် ခွင့်ပြုထားသော စာအုပ်စာစောင်နှင့် သတင်းစာများ ဖတ်ခွင့်ပြုခြင်း၊ မိမိ၏ လုပ်ဆောင်ရန် ရှိသည်များနှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ စာဖြင့် ရေးသားတောင်းဆိုနိုင်ခြင်းနှင့် အထက်ပါ ကိစ္စရပ်များကို သက်ဆိုင်ရာ ခွင့်ပြုချက် တောင်းခံလုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သက်ပြီး ဒေါက်တာတင်မျိုးဝင်းနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်တယ်။ ကျန်းမာရေးစစ်ဆေးမှုကို အရင်တုန်းက လုပ်ခဲ့တဲ့အတိုင်း လစဉ် လရဲ့ ပထမအပတ်မှာ လုပ်ဆောင်ခွင့်ပြုဖို့ တင်ပြရမယ့် အချက်တချက် ဖြစ်တယ်”ဟု ကန့်သတ်မိန့်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက ပြောသော်လည်း အခြားအချက်များအား အာဏာပိုင်များထံ မတင်ပြရသေးသဖြင့် ဖြေဆိုရန် ငြင်းဆိုသည်။
ယခုလ ၁၈ ရက်မှစတင်၍ အကျဉ်းသား ရ၁၁၄ ဦးကို စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးရာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပါဝင်သဖြင့် အန်အယ်ဒီက ကြိုဆိုသော်လည်း ပါတီခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် လိုအပ်ကြောင်း ပါတီပြန်ကြားရေးအဖွဲ့က ပြောသည်။
“လွတ်လာတာကို ကျနော်တို့က ကြိုဆိုပါတယ်။ နည်းနည်း များများ ပေါ့ဗျာ။ ဒီတခါ လွှတ်ပေးတာက ၁၀၀ ကျော် ရှိတယ်။ ဒါပေမဲ့ ဒီအထဲမှာ တကယ့် နိုင်ငံရေး၊ ပြန်လည်သင့်မြတ်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပေးနေတဲ့သူ၊ ဆွေးနွေးပြီးတော့ ပြေလည်နိုင်တဲ့ ဦးတင်ဦးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ မပါတဲ့အတွက် ဆက်ပြီးတော့ လွှတ်ဖို့ လိုပါသေးတယ်” ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
“တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ကျန်ပါသေးတယ်။ အဲဒီလူတွေကို ဆက်လွှတ်ပါဦး။ အဲဒါ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ သဘောထား၊ ကျနော်တို့ရဲ့ သဘောထား ဖြစ်ပါတယ်'' ဟု သူက ဆက်ပြောသည်။
စစ်အစိုးရမှ ယခုလ ၁၈ ရက်နေ့မှ စတင်၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ရ၁၁၄ လွှတ်ပေးသည့်အပေါ် အထူးကြေညာချက်တရပ်ကိုလည်း အန်အယ်ဒီက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အကျဉ်းသားများ ပြန်လွှတ်သည့်အပေါ် လှိုက်လှဲစွာ ကြိုဆိုသော်လည်း တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အစဉ်တစိုက်ကြိုးပမ်းနေသော ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများ၊ ၈၈ မျိုးဆက်ကျောင်းသားများ စသည့် နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ကြေညာချက်တွင် တောင်းဆိုထားသည်။
ထို့အပြင် ပြန်လွတ်လာသည့် အဖွဲ့ချုပ်ဝင်များကို ကျန်းမာရေး ဆေးစစ်မှုများ ပြုလုပ််ပြီးလျှင် ၎င်းတို့၏ ဒေသများ၌ အဖွဲ့ချုပ် တာဝန်များနှင့်အညီ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ကိုင်နိုင်ရန် မူလတာဝန်များကို ပြန်လည် လုပ်ဆောင်ရန်အတွက် တိုက်တွန်းထားသေးသည်။