နယူးဒေလီ (မဇ္ဈိမ) ။ ။ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် အတွက် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယခုလ ၂၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်သို့ ရောက်ရှိမည်ဟု သံတမန် သတင်းရပ်ကွက်များက ပြောသည်။
ကုလ အထွေထွေ ညီလာခံ (UNGA) တက်ရောက်ရန် ကြိုတင် ရောက်နှင့်ပြီး ဖြစ်သည့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့်အတူ ဝန်ကြီးချုပ် တက်ရောက်မှာ ဖြစ်သည်။
သတင်း ရပ်ကွက်များ၏ အဆိုအရ ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ယခုလ ၂၈ ရက်နေ့တွင် ကုလအထွေထွေ ညီလာခံ၌ မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး ၂၉ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည် ဖြစ်သည်။
သို့သော် သူ၏ခရီးစဉ်အတွင်း အမေရိကန်အရာရှိများနှင့် တွေ့ဆုံမည်၊ မတွေ့ဆုံမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပါ။ အစောပိုင်းက မြန်မာ့အရေး သုံးသပ်သူတဦးက မဇ္ဈိမကို ပြောကြားရာတွင် မြန်မာ ဝန်ကြီးချုပ်သည် အမေရိကန် အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထိုအထဲတွင် နိုင်ငံခြားရေး ဝန်ကြီး မစ္စကလင်တန်ပင် ပါဝင်နိုင်သည်ဟု ဆိုသည်။
ဤအတောအတွင်း ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ၁၄ နိုင်ငံပါဝင်သော `မြန်မာ့ မိတ်ဆွေ နိုင်ငံများအဖွဲ့´ ၏ အဆင့်မြင့် အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်စေပြီး ယခုလ ၂၃ ရက်နေ့တွင် ကျင်းပသွားမည်။ အစည်းအဝေးသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်လည်း တက်ရောက်မည်။
သို့သော် အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း တက်ရောက်မည် မဟုတ်ဟု သိရှိရသည်။ အစည်းအဝေးအပြီးတွင် မစ္စတာဘန်ကီမွန်းက သတင်း ထုတ်ပြန်ချက်တရပ် ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်ရသည်။
ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံခြားရေး ကော်မတီတာဝန်ခံ ဦးညိုအုန်းမြင့်ကမူ စစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးတို့သည် ဤကြံုတောင့်ကြံုခဲ ခရီးစဉ်အတွင်း အမေရိကန် အရာရှိများနှင့် တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံအကြား ဆက်ဆံရေးသစ်တရပ် ပေါ်ပေါက် လာစေနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။
ယခုအခါ ပြန်လည် သုံးသပ်ဆွေးနွေး နေသော မြန်မာ့ရေးရာမူဝါဒကို နိုင်ငံခြားရေး ဝန်ကြီး မစ္စကလင်တန်က မကြာမီ ကြေညာဖွယ်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ပြောသည်။
အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သဖြင့် ဆက်ဆံရေး တင်းမာနေခဲ့ရာမှ မကြာသေးခင် လများအတွင်းက အမေရိကန်အပေါ် ရင်းနှီးချစ်ကြည်လိုသော အရိပ်လက္ခဏာများကို မြန်မာစစ်အစိုးရက ပြသခဲ့သည်။
မကြာသေးခင်က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခဲ့သော အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကလည်း မြန်မာ စစ်အစိုးရနှင့် ဆက်ဆံမှုများ တိုးမြှင့်ပြုလုပ်ပါရန် လူသိရှင်ကြား တိုက်တွန်း ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံကမူ ယင်းတို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ် မည်သို့ဖြစ်မည် ဆိုသည်ကို ယခုအထိ အရိပ်လက္ခဏာ တစုံတရာ ပြသခြင်း မရှိသေးပါ။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများအရ မြန်မာ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးသည် အမေရိကန်ပိုင်နက် နယ်မြေတွင်းသို့ ဝင်ရောက်ခြင်းမှ ပိတ်ပင်တားဆီး ခံထားရသည်။ သို့သော် အမေရိကန်နိုင်ငံက ကုလ ဌာနချုပ်ကို အိမ်ရှင်အဖြစ် လက်ခံ ခွင့်ပြုထားခြင်းကြောင့် အဆိုပါ ဗိုလ်ချုပ်ကြီးများကိုလည်း သံတမန်ရေး ခရီးစဉ်အဖြစ် လာရောက်ရန် ကင်းလွတ်ခွင့် ပေးထားခြင်း ဖြစ်သည်။
ယခုအခါ ဒုတိယ-ဗိုလ်ချုပ်မှူးကြီး ဖြစ်နေပြီဖြစ်သော ထိုစဉ်က ဗိုလ်ချုပ်ကြီး မောင်အေးသည် ၁၉၉၅ ခုနှစ် အောက်တိုဘာလအတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂ တည်ထောင်သည့် အနှစ် ၅၀ မြောက် အခမ်းအနားသို့ လာတက်ပြီးကတည်းက ယခု ဝန်ကြီးချုပ်သိန်းစိန်သည် ကုလညီလာခံသို့ တက်ရောက်သည့် အဆင့်အမြင့်ဆုံး မြန်မာအရာရှိ ဖြစ်မည်ဖြစ်သည်။