မေ့လျော့နေသော အလုပ်သမား ဝန်ကြီးဌာနကို အသက်သွင်းရန် စစ်အစိုးရ ကြိုးစား

မေ့လျော့နေသော အလုပ်သမား ဝန်ကြီးဌာနကို အသက်သွင်းရန် စစ်အစိုးရ ကြိုးစား
by -
နီမိုးမြင့်
ရန်ကုန်တွင် စက်ရုံ၊အလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းများမှ အလုပ်သမား ခေါ်ယူရာ၌ အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး မှတဆင့် ခေါ်ယူရ ...

ရန်ကုန်။       ။ ရန်ကုန်တွင် စက်ရုံ၊အလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းများမှ အလုပ်သမား ခေါ်ယူရာ၌ အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး မှတဆင့် ခေါ်ယူရတော့မည်။

ယခုလ ဒုတိယပတ်အတွင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင် အသင်း - UMFCCI မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့်အခါ အလုပ်သမား ခေါ်ယူရေး စည်းကမ်းကို ပြောဆိုကာ၊ အလုပ်သမားနှင့် လုပ်ငန်းရှင်အကြား သဘောတူလက်မှတ် ရေးထိုးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အလုပ်သမားလိုရင် သက်ဆိုင်ရာ မြို့နယ် အလုပ်သမားရုံး တွေကတဆင့် ခေါ်ဖို့၊ အလုပ်သမား တယောက် ခန့်ထားပြီဆိုတာနဲ့ သူ့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို အလုပ်သမားရုံးတွေကို ပေးရမယ်။ ပြီးတော့ သူတို့ အသိအမှတ်ပြုစာချုပ် ချုပ်ရမယ် ဆိုတာတွေ ပြောသွားမယ်” ဟု အလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံခဲ့သော ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံ လုပ်ငန်းရှင်တဦးက မဇ္စျိမကို ပြောဆိုသည်။

မြို့နယ် အလုပ်သမားရုံးများသည် သက်ဆိုင်ရာ မြို့နယ်ရှိ လုပ်ငန်းခွင် အခြေအနေကို ရှောင်တခင် ဝင်စစ်ရန် ဝန်ကြီးဌာနက ညွှန်ကြားထားပြီး ဖြစ်သည်။

ယခု လဆန်းပိုင်းမှ စတင်၍ အလုပ်သမားဝန်ကြီးသည် ရန်ကုန် စက်မှုဇုန်များမှ လုပ်ငန်းရှင်နှင့် အလုပ်သမားများ၊ UMFCCI မှ တာဝန်ရှိသူများ၊ မြို့နယ် အလုပ်သမားရုံးများမှ ဝန်ထမ်းများနှင့် လိုက်လံတွေ့ဆုံခဲ့ပြီး အဆိုပါကိစ္စ အကောင်အထည် ဖော်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“တပ်ချုပ်ကြီး (ဗိုလ်ချုပ်မှူးကြီး) အမိန့်အရ လုပ်တာလို့ ပြောတယ်။ အလုပ်သမား ကိစ္စတွေကို အလုပ်သမားရုံးက မဖြစ်မနေ ပါဝင်ပတ်သက် ရမယ်။ အလုပ်အကိုင် ရရှိရေး၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပဋိပက္ခ ဖြေရှင်းရေးကို အလုပ်သမားရုံးတွေက လုပ်နိုင်ရမယ်။ မလုပ်နိုင်တဲ့ မြို့နယ်က ဦးစီးအရာရှိကို နယ်ပြောင်းမယ်။ ဒါမှမဟုတ်ရင် အလုပ် ထုတ်ပစ်မယ်ဆိုပြီး ပြောသွားတယ်” ဟု ယခုလ ၁၆ ရက်နေ့က အလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံခဲ့သော အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန မြို့နယ် ဦးစီးမှူးတဦးက ပြောသည်။

ယခုလို ဆောင်ရွက်ခြင်းမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသော အလုပ်သမား ဝန်ကြီးဌာန၏ အခန်းကဏ္ဍကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ရန်ကုန်ရှိ မြို့နယ် အလုပ်သမားရုံးတခုမှ ဦးစီးအရာရှိတဦးက ဆိုသည်။

ယခုလို အလုပ်သမားအရေး စည်းကမ်းနှင့်ပတ်သက်၍ နေပြည်တော် အလုပ်သမား ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းကြည့်ရာ ရုံးဝန်ထမ်းတဦးးက "အဲဒါကလေ သတင်းစာထဲမှာ ပါတယ်။ ကျမတို့က ပြောပိုင်ခွင့် မရှိလို့ပါရှင့်" ဟု မဇ္စျိမကို ပြောသည်။

လက်တွေ့တွင်မူ အလုပ်သမားရုံးများသို့ ဆက်သွယ်ပြီး အလုပ်အကိုင် ရှာဖွေသူ အလုပ်ရှင် သို့မဟုတ် အလုပ်သမား တဦးမျှ မရှိသေးကြောင်း သိရသည်။

“အလုပ်သမားမှတ်ပုံတင် လုပ်ချင်တယ်ပြောလို့ လုပ်ပေးတာပဲ ရှိတယ်။ ဘယ်အလုပ်သမားကမှ အလုပ်ရှာဖို့ စာရင်း လာပေးထားတာ မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ အလုပ်သမား လိုချင်လို့ဆိုပြီး လာအကြောင်းကြားတာ မရှိဘူး” ဟု အလုပ်သမားရုံး ဦးစီးအရာရှိက ပြောသည်။

အလုပ်အကိုင်ရလိုပါက မြို့နယ် အလုပ်သမားရုံးများတွင် မှတ်ပုံတင် စာရင်းသွင်းနိုင်သည်ကို အလုပ်သမားများ မသိရှိသေးကြောင်း စက်မှုဇုန် အလုပ်သမားအချို့ကို မေးမြန်းကြည့်ချက်အရ သိရသည်။

“ဒီစက်ရုံမှာ အလုပ်လျှောက်တော့ မှတ်ပုံတင်ရယ်၊ ရပ်ကွက်ထောက်ခံစာရယ်၊ အလုပ်သမား မှတ်ပုံတင်ရယ် လိုတယ်ဆိုလို့ မြို့နယ်အလုပ်သမားရုံးမှာ လေဘာကတ်လုပ်ဖူးတယ်။ ဒါလောက်ပဲ သိတယ်။ အလုပ်လိုချင်ရင် အဲဒီမှာသွားရှာလို့ ရတယ်ဆိုတာ ဘယ်သူမှလည်း မပြောဘူး။ ဒီနေ့ အလုပ်သမားတွေ လူကြီးနဲ့ တွေ့ရတယ် ဆိုပြီးသွားမှ အဲဒီလူကြီးက ပြောသွားလို့သိတာ“ ဟု ဝန်ကြီးနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သော ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတခုမှ အလုပ်သမတဦးက ပြောသည်။

Most read this week