ချင်းမိုင်(မဇ္ဈိမ)။ ။ နာဂစ်ဒုက္ခသည်များ အရေး သတင်းယူခဲ့သူ သတင်းထောက် မအိမ့်ခိုင်ဦး နှင့်အယ်ဒီတာ ဟောင်း ကိုကျော်ကျော်သန့်တို့ အင်းစိန်ထောင်မှ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက် လာသည်။
သူတို့နှစ်ဦးစလုံးအား နိုင်ငံတော် ဆူပူမှုဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး Weekly Eleven အယ်ဒီတာ ဟောင်း ကိုကျော်ကျော်သန့် (၃၀ နှစ်) ကို ရ နှစ်၊ Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦး (၂၄ နှစ်) ကို ထောင်ဒဏ် ၂ နှစ် အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့က သူတို့ပြောတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတာပါ။ မအိမ့်ခိုင်ဦးရော ပါတယ်။ ညကလွတ်လာ မယ်ဆိုတာ ကြိုမသိဘူး။ ဒီမနက် ၁၀ နာရီလောက်မှ သိတာပါ” ဟု ကိုကျော်ကျော်သန့်က မဇ္ဈိမကို ပြောသည်။
ရန်ကုန်နည်းပညာ တက္ကသိုလ်မှ BE (Civil) ဘွဲ့ရသူ ကိုကျော်ကျော်သန့်အား နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု ပုဒ် ၅၀၅ (ခ)၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃(က) တို့ဖြင့် ထောင်ဒဏ် ရ နှစ်ချမှတ်ခဲ့သည်။ မအိမ့်ခိုင်ဦး မှာမူ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချခံခဲ့ရခြင်း ဖြစ်သည်။
ကိုကျော်ကျော်သန့်သည် ဦးနှောက်အာရုံကြော ရောဂါ ခံစားနေရကာ ဦးခေါင်းကိုက်ခဲ တတ်သဖြင့် ဆေးကုသမှု လိုအပ်နေသေးကြောင်း သိရသည်။
အင်းစိန်ထောင်တွင်း စာရေးသားခွင့် မရခဲ့သော်လည်း အမြဲတမ်း ဦးနှောက်ထဲ စာရေးနေသည်ဟု ထောင်တွင်း အတွေ့အကြံုကို သူက ဆက်ပြောသည်။
“ကျနော်က ထောင်ထဲရောက် နေတဲ့အချိန် မြန်မာ့အလင်းတို့တော့ ဖတ်လို့ရတယ်။ လစဉ်ကြေး ၄ ထောင် ပေးရတယ်။ တခြားဂျာနယ်တွေက အိမ်က ပို့မှ ဖတ်ရပါတယ်။ ကျနော်က စာရေးခွင့် မရရင် လည်း စိတ်ထဲ တထပ်ထဲ အမြဲတမ်း ရေးနေတယ်လေ” ဟု ကိုကျော်ကျော်သန့်က ပြောသည်။
ပြီးခဲ့သည့်နှစ် နာဂစ်မုန်တိုင်း အပြီး ဇွန်လ ၁၀ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်မှ လေဘေးဒုက္ခသည် ၃၀ ဦးခန့် ရန်ကုန်မြို့ရှိ ကုသသမဂ္ဂရုံးရှေ့၌ ရွက်ဖျင်တဲ အကူအညီ တောင်းခံကြသည်ကို သတင်း လိုက်ယူရင်း သူတို့ နှစ်ဦး အဖမ်းခံ ခဲ့ရခြင်း ဖြစ်သည်။
Alicia Paterson Foundation ခေါ် APF သတင်းဌာနက ထောင်ကျနေသည့် မအိမ့်ခိုင်ဦးအား ၂၀၀၇ ခုနှစ် လူထုနှင့် သံဃာဆန္ဒ ဖော်ထုတ်ပွဲ၌ သတင်းယူနေစဉ် နအဖ စစ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ဂျပန်နိုင်ငံသား ကန်ဂျိ နာဂအိ အသက် ၅၀နှစ်ပြည့် အမှတ်တရ “သတင်းလွတ်လပ် ခွင့်ဆု” ကို ချီးမြှင့်ခဲ့သည်။
ဆုကို ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံတွင် ကျင်းပသည့် မြန်မာ့သတင်းသမဂ္ဂ BMA ညီလာခံတွင် ချီးမြင့်ခဲ့ရာ ပြည်ပရောက် သတင်းသမားတဦးက ကိုယ်စား လက်ခံခဲ့သည်။
မြန်မာ့သတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက အစိုးရ၏ နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်းနှင့် သတင်းထောက် အိမ့်ခိုင်ဦး၊ ကိုကျော်ကျော်သန့်တို့ လွတ်မြောက်ခဲ့ခြင်း ကို ကြိုဆိုကြောင်း ပြောဆိုလိုက်သည်။
“ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ဘလောက်ဂါတွေ၊ သတင်းသမားတွေ အကုန်လုံးကို လွှတ်ပေးသင့်တာ၊ အားလုံးကို လွှတ်ပေးရင် ပိုတောင် ဝမ်းသာမယ်။ ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်သားတွေကိုတောင် လွှတ်ပေးတာ ဒီလူတွေက ဘာမှ ပြစ်မှုမရှိဘူး” ဟု သူက ပြောသည်။
တနိုင်ငံလုံးမှ အကျဉ်းသား ရ၁၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း စစ်အစိုးရက ယမန်နေ့တွင် ကြေငြာခဲ့သည်။