ရွှေလီ (မဇ္စျိမ) ။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခဲ့သော နှစ် ၆ဝ ပြည့်နေ့ ကျရောက်မည့် လာမည့်လ ၁ ရက်နေ့မှ စတင်မည့် နှစ်ပတ်လည်ပွဲတော်ရက်များအတွင်း ကျောက်မျက်လေလံတင်ပွဲနှင့် ဆွေမျိုးပေါက်ဖော်ပွဲကို တရုတ်-မြန်မာ နယ်စပ်မြို့ ရွှေလီ၌ ကျင်းပ သွားမည်ဖြစ်သည်။
ကျောက်စိမ်းအရိုင်းခဲများအား ရွှေလီမြို့ ကွမ်းဟွာ နိုင်ငံတကာ ကျောက်မျက်လုပ်ငန်း ကုမ္ပဏီလိမိတက်နေရာ၌ အောက်တိုဘာ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ လေလံတင်ရောင်းချမည်ဖြစ်ပြီး တရုတ်နိုင်ငံ ပြည်နယ်ဒေသများမှ ကျောက်ကုန်သည် ၁ဝဝဝ ကျော် လာရောက်ကြမည်ဖြစ်သည်။
လက်ရှိ ရွှေလီကျောက်စိမ်းစျေးကွက်မှာ အေးစက်နေကာ ယခုလာမည့် အောက်တိုဘာ ပွဲတော်ရက်များတွင် ကျောက်စိမ်းဝယ်လက်များ တိုးလာနိုင်ကြောင်း ရွှေလီမြို့မှ ကျောက်ကုန်သည်တဦးက ခန့်မှန်းပြောဆိုသည်။
“၁၀ လပိုင်းလောက်မှပဲ ခြောက်သွေ့ရာသီဖြစ်တော့ ကုန်သည်တွေ ဝင်ကြထွက်ကြ၊ သွားကြလာကြဆိုတော့ ဒီပွဲ (အောက်တိုဘာပွဲ) မှာမှ ဝယ်လက်တွေကို စောင့်ကြည့်ရမှာပဲ။ အခုလောလောဆယ်ကတော့ အေးတယ်ဗျ။ ဝယ်လက်သိပ်မရှိဘူး။ ဗမာဘက်က မူဆယ်ကနေ ရွှေလီကိုဝင်တဲ့ ကျောက်တွေကလည်း အောက်ကျောက်တွေပဲ များတယ်။ ကျောက်ကောင်း သိပ်မဝင်ဘူးပေါ့ဗျာ” ဟု သူက ပြောသည်။
ရွှေလီသည် ယူနန်ပြည်နယ် အနောက်ဘက် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိကာ တရုတ်ပြည်၏ အဓိက ကျောက်မျက်ရတနာ ရောင်းဝယ်ဖြန့်ဖြူးသည့် စျေးကွက်ကြီး ၅ ခုထဲတွင် တခုအပါအဝင် ဖြစ်ပြီး၊ မြန်မာနိုင်ငံသား တသောင်းကျော်သည် ရွှေလီကျောက်မျက် စျေးကွက်ကို မှီခိုရပ်တည်နေရသည်။
ရွှေလီမြို့ ကွမ်းဟွာ ကုမ္ပဏီလိမိတက်က ကုန်သည်များ သိစေရန် လေလံပွဲနှင့် ပတ်သက်သည့် အချက်များကို ယခုလ ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားရာ ကျောက်မျက်လေလံပွဲ၌ ရွှေလီမြို့ ကျောက်မျက်ရတနာ အသင်းဝင်များသာ လေလံတင်ရောင်းချခွင့်ရှိပြီး ပြသရုံသာဆိုလျှင် အသင်းဝင် ဖြစ်စရာမလိုဟု ဆိုထားသည်။
ခင်းကျင်းပြသမည့် နေရာအတွက် အခကြေးငွေ ပေးစရာမလိုဘဲ ရောင်းချရသည့် ငွေကြေး၏ ၃ ရာခိုင်နှုန်းကိုသာ ကုမ္ပဏီသို့ အကျိုးဆောင်ခ ပေးသွင်းရမည်ဟု ဆိုသည်။
နှစ်စဉ်ကျင်းပလေ့ရှိသည့် နယ်စပ်နေ ပြည်သူများ ပျော်ပွဲရွှင်ပွဲဖြစ်သည့် ဆွေမျိုးပေါက်ဖော်ပွဲကိုလည်း တရုတ်-မြန်မာအာဏာပိုင်များ ပူးပေါင်း၍ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နှင့် မျက်နှာချင်းဆိုင် တရုတ်ပြည်ဘက်ခြမ်း ရွှေလီမြစ်ဘေးရှိ ကွင်းပြင်၌ ၉ ကြိမ်မြောက်အဖြစ် အောက်တိုဘာ ၃ ရက်မှ ၅ ရက်နေ့အထိ ကျင်းပသွားမည်။
ဆွေမျိုးပေါက်ဖော်ပွဲကို မေလဆန်း၌သာ ကျင်းပလေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ် (၈) ကြိမ်မြောက် ပွဲစဉ်မှစ၍ အောက်တိုဘာလ ၃ ရက်နေ့သို့ ပြောင်းေ့ရွှကျင်းပလာခဲ့သည်။
“ဒီနှစ်ကတော့ နှစ် ၆၀ ပြည့်ဆိုတော့ ခါတိုင်းနှစ်တွေထက် ပိုစည်ကားအောင် ကျင်းပမှာပေါ့။ တနိုင်ငံလုံး အတိုင်းအတာ ခမ်းခမ်းနားနား လုပ်ကြမှာပဲ။ လုံခြံုရေးလည်း တင်းကျပ်ထားတယ်” ဟု နှစ်နိုင်ငံ နယ်စပ်ရှိ တရုတ်ရေးရာ လေ့လာသူတဦးက မဇ္စျိမကို ပြောသည်။
ယခုနှစ် အခမ်းအနားသည် ဒုတိယအကြိမ်မြောက် အကြီးကျယ်ဆုံး ကျင်းပခြင်းဖြစ်ကြောင်း လေ့လာသူက ဆိုသည်။
၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ထူထောင်ခဲ့ကာ ၁၉၅၀ ခုနှစ်တွင် မြောက်ကိုးရီးယား-အမေရိကန် စစ်ပွဲဖြစ်ပွားခါနီးတွင် နိုင်ငံထူထောင်ခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် အခမ်းနားဆုံး စစ်ရေးပြပွဲ ကျင်းပခဲ့ကာ မြောက်ကိုးရီးယားစစ်ပွဲအတွင်း တရုတ်ပြည် ပါဝင်ခဲ့သည်။
ရွှေဝါရောင် သီတင်းပတ်များဟု တင်စားခေါ်သည့် တရုတ်ပြည်၏ ရက်ရှည်ရုံးပိတ်ရက်များတွင် နယ်စပ်ဒေသ ခရီးသွားလာရေးလုပ်ငန်းအား ဆွဲဆောင်သည့်အနေဖြင့် ဆွေမျိုးပေါက်ဖော်ပွဲကို တရုတ်အာဏာပိုင်များက ငွေကြေးစိုက်ထုတ်ကာ သက္ကရာဇ် ၂၀၀၀ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။