ချင်းမိုင် (မဇ္ဈိမ)။ ။ ပြင်ပ လောင်စာဆီ လက်လီစျေးနှုန်း တဂါလန် ၅၀၀ ကျပ်ခန့် မြင့်တက်လာသည့်တိုင် စွမ်းအင်ဝန်ကြီးဌာန၏ စျေးနှုန်းကတော့ ပိုမို မြင့်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် လ-လယ်ပိုင်းမှစ၍ ကမ္ဘာ့ လောင်စာဆီစျေးနှုန်း တပီပါလျင် အမေရိကန် ၁၀ ဒေါ်လာခန့် မြင့်တက်လာပြီးနောက် လက်ရှိတွင် ရ၁ ဒေါ်လာပေါက်စျေးရှိနေသလို ပြည်တွင်း လောင်စာဆီ စျေးနှုန်း တပီပါ (ဂါလန် ၅၀) မူလ ၁ သိန်း ၃သောင်းခန့်မှ ၁ သိန်းခွဲခန့်သို့ မြင့်တက်လာခဲ့သည်။
စစ်အစိုးရက ၂၀၀၅ ခုနှစ်တွင် ပုဂ္ဂလိက ကုမ္ပဏီများ လောင်စာဆီ တင်သွင်းခွင့်ကို ပိတ်ခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် ကုန်သွယ်ရေးမူဝါဒ ကောင်စီက ရေလုပ်ငန်း၊ ကျောက်မျက် လုပ်ငန်းနှင့် သစ်လုပ်ငန်းရှင်များကို လောင်စာဆီ ပြန်လည်တင်သွင်းခွင့်ပြုခဲ့သည်။
ယင်းနောက်ပိုင်းမှ စ၍ပြင်ပ လောင်စာဆီ ပေါက်စျေးသည် ကမ္ဘာ့ပေါက်စျေးနှင့်အညီ အတက်အကျ ဖြစ်ပေါ်လာခဲ့ သည်။
စွမ်းအင်ဝန်ကြီးဌာန အရောင်းဆိုင်များက နိုင်ငံတကာ အဖွဲ့အစည်းများကို လောင်စာဆီ တဂါ လန် အက်အီးစီ ၂.၇ ယူနစ်၊ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးနှင့် အဝေးပြေးယာဉ်များကို တဂါလန် ၁၆၅၂ ကျပ်၊ အိမ်သုံးယာဉ်များကို ဓာတ်ဆီ တဂါလန် ၂၅၀၀နှင့် ဒီဇယ် ၃၀၀၀ ကျပ် တို့ဖြင့် ရောင်းချပေးနေသည်။
ပြင်ပပေါက်စျေး ကျဆင်းသော်လည်း စစ်အစိုးရ လောင်စာဆီ အရောင်းဆိုင်များက စျေးနှုန်း ပြောင်းလဲခြင်း မရှိဘဲ ရောင်းချနေခြင်း ဖြစ်သည်။
အစိုးရက စက်သုံးဆီစျေးကို ၂၀၀၅ ခုနှစ်က လောင်စာဆီ တဂါလန် ၁၆၀ ကျပ်မှ ၁၅၀၀ ကျပ် သို့ရုတ်တရက် စျေးနှုန်းမြှင့်လိုက်ပြီး ၂၀၀၇ ခုနှစ်တွင် တဂါလန် ၁၅၀၀ ကျပ်မှ ၃၀၀၀ ကျပ် သို့ တရားဝင် မကြေညာဘဲ စျေးနှုန်း ထပ်မြှင့်ခဲ့သည်။
ယင်း ၂၀၀၇ ခုနှစ်က လောင်စာဆီစျေး ရုတ်တရက် မြှင့်တင်လိုက်ခြင်းကြောင့် ကုန်စည်စျေးနှုန်းများ မြင့်တက်သွားပြီး ပြည်တွင်းခရီးသွားလာရေး ကုန်ကျစရိတ် မြင့်တက်သွားသဖြင့် ၈၈ ကျောင်းသားခေါင်းဆောင်များ ဦးဆောင်သည့် လမ်းလျှောက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အဆင့်သို့ ကူးပြောင်းသွားခဲ့သည်။
မြန်မာနိုင်ငံ၏ လောင်စာဆီ တင်သွင်းမှုသည် ၂၀၀၅ ခုနှစ် စာရင်းအရ တရက် ရေနံစည် ၂၂၁၈၀(အမေရိကန်ဂါလန် ၄၂ ဂါလန်) တင်သွင်းနေရကြောင်း2009 CIA World Factbook တွင်ဖော်ပြထားသည့် မြန်မာ့ စီးပွားရေး ၂၀၀၉ စာရင်းတွင် ဖော်ပြထားသည်။