နယူးဒေလီ။ ။ ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ၏ နာယက ဦးကျောက်ညီလှိုင်သည် ယနေ့ နံနက်ပိုင်းတွင် အသက် ရ၀ နှစ်အရွယ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။
ရှမ်းပြည် အရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ဝ' အထူးဒေသ (၂) တဖက်ကမ်းရှိ တရုတ်နိုင်ငံ လန်ချားခရိုင် ဆေးရုံ၌ ဆုံးပါးသွားခြင်း ဖြစ်သည်။
''ဒီနေ့ မနက် ၁၁ နာရီမှာ ဆုံးသွားတာပါ။ ဝပြည်တဖက်ကမ်း လန်ချားခရိုင် ဆေးရုံမှာ ဆုံးသွားတာပါ'' ဟု တရုတ်-မြန်မာနယ်စပ်နေ စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက မဇ္စျိမကို ပြောသည်။
ဦးကျောက်ညီလှိုင်သည် ၁၉၆၇ ခုနှစ်တွင် ဝ'ဒေသသို့ ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ မရောက်ရှိခင် ဒေသခံ ဝ လူမျိုးများကို စုစည်းကာ ဒေသတွင်း၌ သောင်းကျန်းနေသော တရုတ်ပြည်သူ့တပ်များနှင့် ဝ' လူမိုက်ဂိုဏ်းများကို တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် ဗကပနှင့် ပူးပေါင်းပြီး၊ ပူးတွဲတိုက်ပွဲဝင်ခဲ့သည်။
ထို့နောက် သူသည် ဗကပ ၏ တပ်မဟာ ၁၂ တပ်မှူး၊ ဝ' မြောက်ခရိုင်၏ ခရိုင်မှူးအဖြစ် တာဝန်ယူခဲ့သလို၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် လက်ရှိUWSA ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် ပူးတွဲ၍ ဗကပမှ ခွဲထွက်ခဲ့ကြသည်။ ထိုကဲ့သို့ ခွဲထွက်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရ ဖွဲ့ကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရက်တစ်တပ်ဦး (PDF) အဖြစ် ခေါင်းစဉ်တခုအောက်၌ စုစည်းကာ အာဏာရ နဝတ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။
ထိုစဉ်က အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန်နှင့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံ အာဏာလွှဲပြောင်းပေးရန်လည်း တောင်းဆိုခဲ့သေးသည်။
ကိုယ်တခြမ်း စတင်လေဖြတ်သည့် ၁၉၉၄ ခုနှစ်မတိုင်ခင်က UWSA ၏ UWSA ၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ကာ၊ ကွယ်လွန်ချိန်၌ နာယက တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယခုအခါ သူ၏ ရုပ်အလောင်းကို ဝ' ဒေသသို့ ပြန်လည်သယ်ယူလာပြီး သဂြိုဟ်သွားမည်ဟု သိရသည်။