ဒါကာ (မဇ္ဈိမ)။ ။ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ ရခိုင်ပြည်နယ် စစ်တွေနှင့် တောင်ကုတ်ရှိ ဘုန်းကြီးကျောင်းများနှင့် သံဃာတော်များအား စစ်ဖက်ဆိုင်ရာ လုံခြံုရေး တပ်ဖွဲ့ဝင်များက အနီးကပ် စောင့်ကြည့်နေကြောင်း ဒေသခံများက ဆိုသည်။
စစ်တွေမြို့ပေါ်တွင်မူ ဘုရားကြီး၊ လောကနန္ဒာဘုရား စသော နေရာများနှင့် နာမည်ကြီး ဘုန်းတော်ကြီး ကျောင်းများဖြစ်သည့် ပုသိမ်၊ စိတ္တသုခ၊ မန္နိရတနာ၊ ဒက္ခိတရာမ၊ ရွှေစေတီ၊ ရဲကျော်သူ အပါအဝင် ဘုန်းကြီးကျောင်း အများအပြား အနီးတွင် စစ်ဖက်လုံခြံုရေး - စရဖများက အလှည့်ကျ စောင့်ကြည့်နေသည်။
“တကာကြီး ဦးဇင်းတို့ သွားလာရင်လည်း ဘယ်သွားလဲ၊ ဘာလုပ်လဲ မျက်ခြေမပြတ် အကြည့်ခံရတယ်။ ကျောင်းနားမှာလည်း လုံခြံုရေးက ၂၄ နာရီ ရှိတယ်။ တခြားကျောင်းတွေမှာလည်း ဒီလိုပဲလို့ ကြားတယ်” ဟု ပုသိမ်ကျောင်းမှ ဦးဇင်းတပါးက မဇ္ဈိမကို မိန့်ဆိုသည်။
စစ်တွေတွင် ဘုန်းကြီးကျောင်းပေါင်း ၆၀ ကျော်ရှိကာ သံဃာအပါး ၂၀၀၀ ခန့် သီတင်းသုံးလျက် ရှိသည်။
ယခုလ ၄ ရက်နေ့တွင် ကျရောက်သည့် တော်သလင်းလပြည့် ဥပုဒ်နေ့ကလည်း ကျောင်းတိုက်များသို့ စရဖ များက လာရောက်၍ ထောက်လှမ်းခဲ့သည်ဟု ဒေသခံများနှင့် သံဃာတော်များက ဆိုသည်။
“ဥပုဒ်နေ့မှာ စရဖတွေက ဘုန်းကြီးကျောင်းတွေမှာလာပြီး ဥပုဒ်စောင့်ချင် ယောင်ဆောင်ပြီး ဘယ်ဘုန်းကြီးက ဘယ်သူနဲ့ ဘာပြောတယ်။ ဘယ်ဥပုဒ်က ဘာပြောတယ်။ စူးစမ်းတဲ့ မျက်စိနဲ့ လိုက်ပြီးကြည့်နေတာလေ။ အဲ့ဒီတော့ ဥပုဒ်သည်တွေက အချင်းချင်း စကားပြောရမှာတောင် ကြောက်နေရတယ်”ဟု စစ်တွေဒေသခံ အမျိုးသမီးတဦးက ပြောသည်။
ယခုလဆန်းပိုင်းမှစပြီး စစ်တွေရှိ ဘုန်းကြီးကျောင်းများကို အချိန်ပြည့် စောင့်ကြည့်ရန် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အမိန့်ပေးထားကြောင်း စရဖနှင့် နီးစပ်သူ အမည်မဖော်လိုသူတဦးက မဇ္စျိမကို ပြောသည်။
“ညွှန်ကြားချက်ထဲမှာတော့ ရွှေဝါရောင် နှစ်ပတ်လည် မလွန်မချင်း သံဃာတွေရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့နဲ့ ထူးခြားမှုရှိရင် အချိန်နဲ့တပြေးညီ သတင်းပို့ကြဖို့လို့ ပါတယ်” ဟု သူက ပြောသည်။
အလားတူ သံဃာတော် အပါး ၁၅၀၀ ခန့် သီတင်းသုံးနေထိုင်သည့် တောင်ကုတ်မြို့တွင် ကားဂိတ်များ၌ ခရီးသွားသံဃာများ၏ အသွားအလာများအား လေ့လာစောင့်ကြည့်နေသည်။
“သူတို့ (စရဖ) က ခရီးသွားသံဃာတွေ ပါတယ်ဆိုရင် ဘယ်ကျောင်းကို သွားသလဲဆိုတာ နောက်ကနေ လိုက်ကြည့်တယ်။ ကားသမားကိုလည်း အဲ့ဒီဘုန်းကြီးက ဘယ်က လာတာလဲဆိုပြီး စုံစမ်းမေးမြန်းနေတာ” ဟု တောင်ကုတ် ကားဂိတ်တဂိတ်မှ ဝန်ထမ်းတဦးက ဆိုသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာနှောင်းပိုင်းတွင် စစ်အာဏာပိုင်များအား ကံဆောင် သပိတ်မှောက်သည့် အနေဖြင့် ရန်ကုန်နှင့် နယ်မြို့များတွင် သံဃာတော်များက လမ်းပေါ်ထွက်ကာ ပရိတ်နှင့် မေတ္တာသုတ်ရွတ်ဖတ်ကြပြီး ဆန္ဒထုတ်ဖော်ခဲ့ရာ အာဏာပိုင်များက ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ကျောင်းတိုက်များအတွင်း သူပုန်စခန်းကဲ့သို့ ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်ခဲ့သည်။
ထိုလှုပ်ရှားမှုအတွင်း ရခိုင်ပြည်နယ် မြို့တော်စစ်တွေနှင့် တောင်ကုတ်ရှိ သံဃာတော်များလည်း တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
“ရခိုင်ပြည်နယ်ထဲမှာဆိုရင် စစ်တွေနဲ့ တောင်ကုတ်က ဒီမိုကရေစီအရေးကို ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်တဲ့ အတွက်ရယ်။ နောက်ပြီးတော့ ရွှေဝါရောင်တုန်းကလည်း သံဃာတော်တွေက လှုပ်ရှားမှု လုပ်ခဲ့ကြတဲ့ အတွက် စစ်အစိုးရရဲ့ မျက်ခြေမပြတ် စောင့်ကြည့်မှုကို ခံရတာပါ” ဟု စစ်တွေမြို့ စိတ္တသုခကျောင်းမှ သံဃာတော်တပါးက မိန့်ဆိုသည်။