ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အနှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မုတ်သုံကာလ ၃၀ ရက်ခန့် တိုတောင်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန အပြောအရ သိရသည်။
မိုးဥတုကို ဆောင်ကြဉ်းပေးသော အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် စက်တင်ဘာ ၁၀ ရက်ခန့်တွင် လည်းကောင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် စက်တင်ဘာ လကုန်ပိုင်းတွင်လည်းကောင်း ထွက်ခွာမှာ ဖြစ်သည်။
မုတ်သုံစတင် ဝင်ရောက်မှုမှာလည်း ပုံမှန်အားဖြင့် မေလ ၁၀ ရက်တွင် တနိုင်ငံလုံးသို့ ဝင်ရောက်လေ့ ရှိသော်လည်း ယခုနှစ်တွင် မေလ၂၅ ရက်နေ့မှ ဝင်ရောက်ခဲ့သည်။
“အခုနှစ်က မုတ်သုံဝင်ချိန်လည်း ၁၅ ရက်လောက် နောက်ကျတယ်။ ပြန်ထွက်တော့လည်း ၁၅ ရက်လောက် စောထွက်မယ်။ ဒါဟာ တော်တော်ကို ကြုံတောင့်ကြုံခဲနှစ်ပါ” ဟု အမည်မဖော်လိုသူ အကြီးတန်း မိုးဇလအရာရှိက ပြောသည်။
နှစ်စဉ်ပုံမှန်အားဖြင့် မေလ ၁၀ ရက်နေ့မှ အောက်တိုဘာလ လယ်အထိ အနောက်တောင် မုတ်သုံလေ တိုက်ခတ်သည့် ရက်ပေါင်း ၁၄၅ ရက် ဝန်းကျင်ရှိသော်လည်း ယခုနှစ်တွင် ရက်ပေါင်း ၁၁၅ သာ ရှိလိမ့်မည်ဟု သိရသည်။
မိုးနည်းမှု ဖြစ်ပွားမည့်အရေးကို ကြိုတင် ပြင်ဆင်မှုပြုရန် လယ်ယာ စိုက်ပျိုးရေး အရာရှိတဦးက သတိပေးလိုက်သည်။
”မြေအောက်ရေ နည်းသွားတာတော့ အမှန်ပါပဲ။ ဒါပေမယ့် လိုအပ်တဲ့ ရေပမာဏကို ဆည်ရေတွေ၊ မြစ်ရေတင် စီမံကိန်းတွေကနေ ပေးနိုင်ရင်တော့ ပြဿနာ မရှိပါဘူး။ အဲဒီလို မလုပ်နိုင်ရင်တော့ လယ်အထွက်နှုန်းတွေ ကျသွားနိုင်ပါတယ်” ဟု မြန်မာ့လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း အကြီးတန်း အရာရှိတဦးက မဇ္ဈိမ သို့ ပြောသည်။
ယခုနှစ်နှင့် ဆင်တူစွာ မုတ်သုံကာလတိုတောင်းမှု ၁၉၇၉ ခုနှစ်က ဖြစ်ပွားသည်။ ၁၉၈၈ ခုနှစ် ဝန်းကျင်ကတော့ မုတ်သုံ တိုတောင်းခဲ့သော်လည်း ပုံမှန်ထက် ၁၀ ရက်သာ နည်းပါးခဲ့သည်။
မြန်မာနိုင်ငံသာမက ပစိဖိတ်သမုဒ္ဒရာ အီကွေတာ ရပ်ဝန်းအနီးတဝိုက် နိုင်ငံများပါ အဆိုပါ ရာသီဥတု ပြောင်းလဲခြင်း ခံစားရနိုင်ကြောင်းနှင့် ပုံစံခြင်းတော့ ကွဲပြားနိုင်သည်ဟု အငြိမ်းစား မိုးဇလပညာရှင်တဦးက မဇ္ဈိမသို့ ပြောသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မန္တလေး၊ စစ်ကိုင်းတိုင်း အောက်ပိုင်းနှင့် မကွေးတိုင်းတို့တွင် ဇွန်လဆန်းနှင့် သြဂုတ်လ ၁၅ နောက်ပိုင်းတွင်သာ မိုးရွာသွန်းမှုရှိခဲ့ပြီး ကျန်ရက်များတွင် မိုးခေါင်ခဲ့သည်။
မုတ်သုံ ဆုတ်ခွာနေစဉ်ကာလ စက်တင်ဘာ လလယ်ပိုင်းမှ လကုန်ပိုင်းအထိ ဘင်္ဂလား ပင်လယ်အော်အတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ဖွယ်ရှိသည့် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ခန့် ပေါ်ပေါက်နိုင်သည်ဟုလည်း မိုးဇလက သတင်း ထုတ်ပြန်ထားသည်။