မြန်မာ့အထည်ချုပ် တူရကီနှင့် ဒေါ်လာ ၆ သန်းခွဲဖိုး သဘောတူ

မြန်မာ့အထည်ချုပ် တူရကီနှင့် ဒေါ်လာ ၆ သန်းခွဲဖိုး သဘောတူ
by -
မေကျော်
မြန်မာ့ အထည်ချုပ်လုပ်ငန်းများနှင့် တူရကီ အထည်အလိပ်အုပ်စု တီးမားတို့ ဒေါ်လာ ၆ သန်းခွဲတန် စီမံကိန်းတခုအတွက် ရန်ကုန်တွင်  တွေ့ဆုံဆွေးနွေးခဲ့ကာ သဘောတူညီမှု ရခဲ့ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာ့ အထည်ချုပ်လုပ်ငန်းများနှင့် တူရကီ အထည်အလိပ်အုပ်စု တီးမားတို့ ဒေါ်လာ ၆ သန်းခွဲတန် စီမံကိန်းတခုအတွက် ရန်ကုန်တွင်  တွေ့ဆုံဆွေးနွေးခဲ့ကာ သဘောတူညီမှု ရခဲ့သည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက မြန်မာ အထည်ချုပ်လုပ်ငန်းရှင်များနှင့် တူရကီ တီးမားအုပ်စုတို့ အင်းယားလိတ်ဟိုတယ်တွင် သြဂုတ်လ ၁၉  ရက်နေ့က တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

"တူရကီ ကုမ္ပဏီက ရှင်းလင်းပွဲကို သြဂုတ်လ ၁၉ ရက်နေ့က အင်းယားလိတ်ဟိုတယ်မှာ ရှင်းလင်းပွဲလုပ်တယ်။ မြန်မာနိုင်ငံ အထည််ချုပ် လုပ်ငန်းရှင်များ အသင်းက တွေ့လို့ရအောင် စီစဉ်ပေးတယ်။ ကျန်တာကို အထည်ချုပ် လုပ်ငန်းရှင်တွေနဲ့ ညှိကြတာပါ" ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူတဦးက ပြောကြားသည်။

အထည်ချုပ်လုပ်ငန်းရှင် သတင်းရပ်ကွက်အရ သဘောတူညီချက် ရရှိပြီးဖြစ်သည်ဟု ဆိုသည်။ တူရကီ အထည်အလိပ်အုပ်စု တီးမား Tema က လာမည့်နှစ်တွင် စတင်မည့် ၆ လ စီမံကိန်းကို CMP စနစ် (ဖြတ်၊ ချုပ်၊ ထုပ်ပိုး စနစ်) ဖြင့် ဝယ်ယူမည်ဖြစ်သည်။

“ဒီရာသီပြီးတော့ နောက်ရာသီ ချမချ ဆိုတာက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။ အခုဟာက နောက်တနှစ်လုံးစာ စာချုပ်ချုပ်တာလည်း မဟုတ်ဘူးဆိုတော့လေ။ အော်ဒါ ချကြည့်တဲ့ သဘောပါပဲ” ဟု ရွှေပြည်သာ အခြေစိုက် အထည်ချုပ် စက်ရုံပိုင်ရှင်က ဆိုသည်။

“စာချုပ်ကတော့ ချုပ်လိုက်ပြီ။ ဒါပေမဲ့ ဘယ်ရုံတွေက ဘယ်လိုခွဲလဲ ဆိုတာကတော့ ထုံးစံအတိုင်းပေါ့။ အစိုးရနဲ့ နွယ်တဲ့ စက်ရုံတွေကို မပေးလို့ မရဘူး”ဟု သူက ထပ်ပြောသည်။

ကမ္ဘာ့ငွေကြေး အကျပ်အတည်း ၂၀၀၈ ခုနှစ်အတွင်း ပြည်ပ အမှာနည်းသည့်အတွက် မြန်မာ့အထည်ချုပ်လုပ်ငန်း အချို့ လုပ်ငန်းရပ်နားခဲ့ရပြီး ယခုနှစ်တွင်လည်း လုပ်အားခ သက်သာသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်ကို စျေးကွက်ယှဉ်ပြိုင်နိုင်မှု မရှိဘဲ ဖြစ်ခဲ့ရသည်။

“အခုအထည်ချုပ်က ရပ်တည်လို့ ရရုံပဲ။ အရင် အော်ဒါ အတော်များများက ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်ကိုပဲ သွားကုန်ပြီလေ” ဟု အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင်က ဆိုသည်။

သို့သော် ယခု အော်ဒါ ပမာဏက အထည်ချုပ်လုပ်ငန်းကြီး တခုလုံးအတွက် အပြောင်းအလဲ မဖြစ်နိုင်သော်လည်း ယခုနှစ်အတွင်း ဂျာမဏီနှင့် ပြင်သစ်မှ အော်ဒါများ လုံးဝ မရတော့သော အခြေအနေတွင် အထည်ချုပ် ဝန်ထမ်းများကို အလုပ်ပေးထားနိုင်မည်ဟု အထည်ချုပ်လုပ်ငန်းရှင်များက ဆိုသည်။

“အထည်ချုပ် လောကအတွက်တော့ ဒီအော်ဒါရလို့ အသက်ရှူချောင်သွားလောက်တဲ့ ပမာဏလည်း မဟုတ်ပါဘူး။ အော်ဒါလေးတွေရှိတော့ ဝန်ထမ်းကိုလည်း ထိန်းထားလို့ ကောင်းတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်မှ အထည်ချုပ် လုပ်ငန်းရှင်က ဆိုသည်။

တူရကီ ကုမ္ပဏီက အထည််ကုန်ကြမ်းပေးမည်ဖြစ်ပြီး၊ မြန်မာဘက်မှ ပုံစံညှပ်ခြင်း၊ ချုပ်ခြင်းနှင့် ထုပ်ပိုးပေးခြင်းအတွက် အထည်တထည်ကို ပျမ်းမျှ အမေရိကန် ၅ ဒေါ်လာခန့် ရရှိမည်ဖြစ်သည်။

ကျေးလက်နေ အမျိုးသမီးငယ်များ အဓိက လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံတွင် အခြေခံ လစာအဖြစ် တလလျှင် ၁၅၀၀၀ ကျပ်ဖြင့် နေ့စဉ် လုပ်အားခကို ပေါင်းပြီး တွက်ချက်ပေးနေခြင်းဖြစ်ရာ အထည်ချုပ် ဝန်ထမ်းတဦးသည် တလလျှင် ဝင်ငွေမှာ တလ ၃၀၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ် အတွင်းသာ ရှိသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းများတွင် အမေရိကန်စီးပွားရေး ပိတ်ဆို့မှုအပြင် ပြည်တွင်း အခြေခံ အဆောက်အအုံဖြစ်သော လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် ဆက်သွယ်ရေး အခက်အခဲများလည်း ရှိနေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်း အခြေအနေ တင်ပြချက်တွင် ဖော်ပြခဲ့သည်။

CMP စနစ်ဖြင့် အဓိက လုပ်ငန်းလုပ်ကိုင်သော မြန်မာ့အထည်ချုပ်လုပ်ငန်းသည် ၂၀၀၁ ခုနှစ်က ဝင်ငွေ ကန်ဒေါ်လာ သန်း ၈၂၉ သန်းအထိ ဝင်ငွေရရှိခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် ကန်ဒေါ်လာ ၃၁၄ ဒဿမ ၄ သန်းအထိ ကျဆင်းခဲ့ကာ အထည်ချုပ်လုပ်ငန်းရှင်များ သုံးသပ်ချက်အရ ယခု အထည်ချုပ် စက်ရုံများမှာ လုပ်ငန်းလည်ပတ်နိုင်ရုံ ရပ်တည်နိုင်သော အခြေအနေတွင်သာရှိကြောင်း ဆိုသည်။