ဓါတ်ခွဲခန်းကားဖြင့် အစားအသောက်များတွင် ဆိုးဆေးသုံးမှု ရှောင်တခင်စစ်ဆေး

ဓါတ်ခွဲခန်းကားဖြင့် အစားအသောက်များတွင် ဆိုးဆေးသုံးမှု ရှောင်တခင်စစ်ဆေး
by -
ဖိုးဇော်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) မှ ရန်ကုန်တိုင်းအတွင်းရှိ စျေးကြီးများတွင် ရောင်းချနေသော စားသောက်ကုန်များအား ဓါတ်ခွဲမော်တော်ယာဉ်ဖြင့် စစ်ဆေးနေပြီ ...

မဇ္စျိမ (ချင်းမိုင်) ။     ။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) မှ ရန်ကုန်တိုင်းအတွင်းရှိ စျေးကြီးများတွင် ရောင်းချနေသော စားသောက်ကုန်များအား ဓါတ်ခွဲမော်တော်ယာဉ်ဖြင့် စစ်ဆေးနေပြီ ဖြစ်သည်။

ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ ညောင်ပင်လေးစျေးမှ စားသုံးကုန် အရောင်းဆိုင်များမှ ငပိထောင်း၊ စိမ်းစားငပိ၊ ဆော့စ်၊ ငရုတ်သီးမှုန့်နှင့် စားသုံးဆီများကို ယခင်လ ၂၇ ရက်နေ့ မနက်ပိုင်းတွင် စတင်ကာ FDA မှ တာဝန်ရှိသူ ၄ ဦးနှင့် ညောင်ပင်လေးစျေး စည်ပင်မှ ၃ ဦး ပူးပေါင်း၍ စစ်ဆေးခဲ့သည်။

“ညောင်ပင်လေးစျေးကို အရင်အပတ်က စစ်ဆေးဖြစ်ပါတယ်။ FDA ကတော့ ပြည်သူလူထု စားသောက်တဲ့ အစားအသောက်ထဲမှာ အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေ ပါမပါ စစ်ပေးတာပေါ့။ အရေးယူဖို့ကြတော့ စျေးစည်ပင်သာယာရေးအဖွဲ့နဲ့ပဲ ဆိုင်တယ်လေ” ဟု စစ်ဆေးရေးအရာရှိတဦးက မဇ္စျိမကိုပြောသည်။

စစ်ဆေးနည်းမှာ အစားအသောက်နမူနာ အနည်းငယ်ယူ၍ ဓါတ်ခွဲယာဉ်အတွင်း၌ အသင့်ပါလာသော ကိရိယာဖြင့် နာရီဝက်ခန့်သာ အချိန်ယူရသည်။ ယခုအချိန်အထိ အပြစ်တစုံတရာ ထပ်မံတွေ့ရှိမှု မရှိသေးကြောင်း သိရသည်။

ငရုတ်သီးမှုန့်များတွင် အနီရောင်ဓါတုဆိုးဆေး (Rhodamine B) ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ်ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် လက်ဖက်နှင့် ငါးပိတို့တွင်လည်း အဝါရောင်ဓါတုဆိုးဆေးများ ပါဝင်ကြောင်း မတ်လက ကြေညာခဲ့သည်။

၎င်းဆိုးဆေးများသည် တာရှည်စားသုံးသူများကို အသည်းနှင့် ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်သည့်အပြင် ခန္ဓာကိုယ်ကြီးထွားမှုကိုလည်း ထိခိုက်စေသည်။

‘ဆီပျက်နှင့် ပြန်ကြော်ဆီ’ များကို စားသုံးမိသူသည်လည်း ကင်ဆာရောဂါ ဖြစ်ပွားတတ်ကြောင်း FDA မှ တာဝန်ရှိသူက ပြောသည်။

ညောင်ပင်လေးစျေး၌ စစ်ဆေးရာတွင် အန္တရာယ်ရှိသော ဆိုးဆေးများ သုံးစွဲထားသည့် စားသောက်ကုန်အရောင်းဆိုင်များ မတွေ့ရကြောင်း FDA နှင့် ယင်းစျေးစည်ပင် တာဝန်ရှိသူတို့က မဇ္စျိမကိုပြောသည်။

ဓါတုဆေးသုံးစွဲထားသည့် စားကုန်များကို တွေ့ရှိပါက ပစ္စည်းသိမ်းဆည်း ဖျက်ဆီးမည့်အပြင် အန္တရာယ် ရှိမှန်းသိရက်နှင့် အသုံးပြုသူအား “အမျိုးသား အစားအသောက် ဥပဒေ” အရ ထောင်ဒဏ် ၃ နှစ်အထိလည်း ချမှတ်နိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ဆေးမှုများကို ရန်ကုန်တိုင်းအတွင်းရှိ ဘုရင့်နောင်စျေး၊ သိမ်ကြီးစျေး၊ သံစျေး၊ အင်းစိန်စျေး၊ စသည့်စျေးကြီးများတွင် တစ်ပတ်လျှင်တစ်ကြိမ် စစ်ဆေးသွားမည် ဖြစ်ကြောင်း FDA မှ တာဝန်ရှိသူကပြောသည်။