သံဃာတော်များအား စောင့်ကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေ

သံဃာတော်များအား စောင့်ကြပ်ဖမ်းဆီးမှုများ ပြုလုပ်နေ
သံဃာတော်များ ဦးဆောင်လှုပ်ရှားသည့် နှစ်ပတ်လည်ကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ မြို့နယ်အချို့တွင် အာဏာပိုင်များက ဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်ရှာဖွေမှု၊ သံဃာတော်များအား စောင့်ကြည့် ...

နယူးဒေလီ။     ။ သံဃာတော်များ ဦးဆောင်လှုပ်ရှားသည့် နှစ်ပတ်လည်ကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ မြို့နယ်အချို့တွင် အာဏာပိုင်များက ဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်ရှာဖွေမှု၊ သံဃာတော်များအား စောင့်ကြည့်မှုနှင့် ဖမ်းဆီးမှုများ ပြုလုပ်လာသည်။

မကွေးတိုင်း  ချောက်မြို့ရှိ အနောက်ငွေတောင် ကျောင်းတိုက်သို့ ယမန်နေ့ ညနေပိုင်းတွင် အရပ်ဝတ်ရဲ အရာရှိ ၃ ဦးနှင့် မကွေးတိုင်း သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦး ပါဝင်သည့် အဖွဲ့က ကျောင်းတိုက် ဆရာတော် ဦးရေဝတ သတင်းသုံးနေထိုင်သည့် အခန်းထဲသို့ ဝင်ရောက်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“မနေ့က ညနေ ၄ နာရီခွဲလောက်က ကျောင်းတိုက်ကို ဝင်စစ်တယ်။ သူတို့ လာစစ်တုန်းကတော့ ဆရာတော် မရှိဘူးလေ။ ဆရာတော် ခရီးလွန်တာကြာပြီ ပြန်မရောက်သေးဘူး။ ဆရာတော် အခန်းထဲတော့ ဝင်စစ်သွားတယ်။ ပြန်လာရင် အကြောင်းကြားပါလို့ မှာသွားတယ်” ဟု ချောက်မြို့ရှိ ကျောင်းတိုက်တခုမှ ဦးဇင်းတပါးက မဇ္စျိမကို မိန့်ဆိုသည်။

ဆရာတော် ဦးရေဝတသည် လွန်ခဲ့သည့် လပိုင်းအတွင်း မိမိနေထိုင်ရာ ရပ်ရွာသို့ ပြန်သွားခဲ့ပြီး၊ ယခုချိန်ထိ ကျောင်းတိုက်သို့ ပြန်မရောက်ရှိသေးကြောင်း ဦးဇင်းက ဆိုသည်။

“ဦးရေဝတက ရွှေဝါရောင် တော်လှန်ရေးတုန်းက တက်ကြွသူလို့ ပြောလို့ရမှာ။ အဲဒါကြောင့် လာစစ်တာလားတော့ မပြောတတ်ဘူး” ဟု ဦးဇင်းက မိန့်သည်။

အလားတူ ယခုရက်ပိုင်းတွင်း ချောက်မြို့အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက်အချို့တို့ကို အရပ်ဝတ်ရဲများက နေ့စဉ် အနီးကပ်စောင့်ကြည့်နေကြောင်း ချောက်မြို့နယ် ကျောင်းတိုက်များရှိ သံဃာတော်များက ဆိုသည်။

“ဒီရဲက ချောက်မြို့နယ်က ရဲဆိုတာ ဦးဇင်းတို့ တွေ့တာနဲ့ သိတာပေါ့။ သူတို့က ကျောင်းတိုက်တွေနဲ့ နီးစပ်တဲ့ အိမ်တို့၊ လမ်းထောင့်တွေမှာ တွေ့ရတယ်။ သူတို့ ခါးတွေမှာလည်း ဖုန်းတွေ ခါးကြား ထိုးထားတာ တွေ့တယ်။ ကျောင်းတိုက်တွေ အားလုံးလိုလိုပါပဲ” ဟု သံဃာတော်တပါးက မိန့်ကြားသည်။

မကွေးတိုင်း ရေနံချောင်းမြို့ရှိ ရွှေစေတီ ပါဋ္ဌိတက္ကသိုလ် ကျောင်းတိုက် လက်ထောက်ဆရာတော်နှင့် ပခုက္ကူမြို့ရှိ မန္တလေးကျောင်းတိုက် ဦးဇင်းတပါးတို့ကို အာဏာပိုင်များက ယခုလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းမှု ရှိခဲ့သည်။

“ဆရာတော်ကို ဆူပါရူး ကားတစီးနဲ့ ခေါ်သွားတာ တွေ့လိုက်တယ်။ မကွေးတိုင်းက ရဲတွေနဲ့ ဒီက မဝတ ဥက္ကဋ္ဌလည်း ပါတယ်” ဟု ရွှေစေတီ ကျောင်းနှင့့်နီးစပ်သည့် မျက်မြင်သက်သေတဦးက မဇ္စျိမကို ပြောသည်။ နောက်ပိုင်းတွင် ဆရာတော်အား ရန်ကုန်သို့ ခေါ်ဆောင်သွားသည်။

“ခေါ်သွားတဲ့ကားကို မောင်းတဲ့လူက ပြန်ရောက်နေပြီ။ အဲဒါမေးကြည့်တော့ သမိုင်းလမ်းဆုံမှာ ချခဲ့ရတယ်လို့ ပြောတယ်” ဟု ဒေသခံများက ရေနံချောင်း ဆရာတော်ကို တင်ဆောင် မောင်းနှင်သွားသည့် ကားဒရိုင်ဘာ ပြောဆိုချက်ကို သံဃာတော်တပါးက ပြန်လည်မိန့်ဆိုသည်။

ပခုက္ကူမြို့ မန္တလေးကျောင်းတိုက် (ခေါ်) အနောက်ကျောင်းတိုက်မှ သက်တော် ၂၄ နှစ်အရွယ်ရှိ ဦးဇင်း ဦးဝိသုဒ္ဓကို ပခုက္ကူခရိုင်မှ ဒုရဲအုပ် ဇော်ဝင်းနှင့် ဒုတပ်ကြပ် ကြံ့ခိုင်အောင် (ခေါ်) ကရင် တို့ လာရောက်ကာ ခေါ်ယူသွားကြောင်း အနီးရှိကျောင်းတိုက်များ၏ အဆိုအရ သိရသည်။

“၂၈ ရက်နေ့ မနက်က အရုဏ်ဆွမ်းစားပြီး အချိန်လောက်မှာ ဦးဝိသုဒ္ဓကို လာခေါ်သွားတာ။ ခေါ်တုန်းက ပခုက္ကူမြို့မှာရှိတဲ့ ရွှေထန်းပင် ဆိုတဲ့ စားသောက်ဆိုင်မှာရှိတဲ့ အလုပ်လုပ်နေတဲ့ စားပွဲထိုး ဒကာမတယောက်က အဲဒီ ဦးဇင်းရဲ့ ရွာက ဟုတ်မဟုတ် လိုက်ကြည့်ပေးပါဆိုပြီး ညာခေါ်သွားတာ” ဟု ထိုကျောင်းတိုက်နှင့် နီးစပ်သည့် ကျောင်းတိုက်က ဆရာတော်တပါးက မဇ္စျိမကို မိန့်သည်။

ဆရာတော်က ဆက်ပြီး “အဲဒီမှာ သူနဲ့အတူ အဖော် ဦးဇင်း နှစ်ပါးကို ထည့်လိုက်တာ စိတ်မချလို့ လိုက်သွားတဲ့ ဦးဇင်း နှစ်ပါးကိုကျတော့ ပြန်လွှတ်လိုက်တယ်။ ဟိုရောက်တော့ ဒုရဲအုပ် လင်းမြတ်ကျော် လက်ထဲထည့်ပြီး ကားပေါ်တင်ပြီး ခေါ်သွားတယ်” ဟု ဆိုသည်။ ခေါ်ဆောင်သွားသည့် ဦးဇင်းကိုလည်း ရန်ကုန်မြို့သို့ ထိုနေ့မှာပင် ခေါ်ဆောင်သွားကြောင်း အာဏာပိုင်များအပြောကို ကျောင်းတိုက်များက ဆိုသည်။

သို့သော် ယခုလို ရေနံချောင်းနှင့် ပခုက္ကူမှ သံဃာတော်နှစ်ပါးအား ရန်ကုန်သို့ ဖမ်းဆီးခေါ်သွားသည့် ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျောင်းတိုက်များကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မြို့နယ်အချို့တွင် သံဃာတော်များအား အာဏာပိုင်များက ယခုလို ရှာဖွေစစ်ဆေးခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခြင်းများသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သည့် မေတ္တာပို့ဆုတောင်း လမ်းလျှောက်ဆန္ဒပြပွဲများ မြို့နယ်အများအပြားတွင် ဖြစ်ပွားခဲ့သည့် နှစ်ပတ်လည်ကာလမတိုင်ခင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Most read this week