နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ၁၀ ပါတီအဖွဲ့က ၎င်းတို့ ရပ်တည်ချက်မူဝါဒများကို ယမန်နေ့မှ စတင်၍ ရေးဆွဲနေပြီဖြစ်သည်။
တတိယအင်အားစု Third Force တခုဟု မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် ရည်ညွှန်းကြသည့် ‘အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်’ သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် မူဝါဒသဘောထားများကို တပတ်အတွင်း အပြီးသတ် ရေးဆွဲသွားရန် စိုင်းပြင်းနေကြခြင်း ဖြစ်သည်။
“အဓိက ပေါ်လစီနဲ့ စည်းမျဉ်းစည်းကမ်းတွေ ဆွဲတာပါ။ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် ဘာတွေ လုပ်ပေးနိုင်မလဲ။ ပြီးတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်၊ တပ်မတော်အပေါ်ထားတဲ့ ကျနော်တို့ သဘောထား။ အလုပ်သမား၊ လယ်သမားတွေအပေါ်ထားတဲ့ သဘောထား။ ယဉ်ကျေးမှု၊ ဘာသာရေး ဘာညာပေါ့” ဟု ထိုအဖွဲ့၏ ဗဟိုဦးစီး ကော်မတီဝင် ဦးအုန်းလွင်က မဇ္စျိမကို ပြောသည်။
မဟာမိတ်များအဖွဲ့ချုပ်က နအဖစစ်အစိုးရ ဦးဆောင်ပြောင်းလဲသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို လက်ခံထားပြီး အငြင်းပွားဖွယ်ရာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျင့်သုံးမည့် အထွေထွေရွေးကောက်ပွဲကို လက်ခံထားကာ၊ တဖြည်းဖြည်းချင်းသာ ပြောင်းလဲ၍ ရနိုင်မည်ဟု ယုံကြည်ထားကြသည်။
ဦးအုန်းလွင်က “ကျနော်တို့က အပြောင်းအလဲကို သိမ်သိမ်မွေ့မွေ့၊ အေးအေးချမ်းချမ်းနဲ့ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေး ပြောင်းဖို့။ ပြောင်းတဲ့အခါမှာလည်း အတိုက်အခိုက်တွေ မပါဘဲနဲ့ အေးအေးချမ်းချမ်းနဲ့ ပြောင်းဖို့။ ကျနော်တို့လည်း အဲဒီရွေးကောက်ပွဲမှာ ပါမယ်ဆိုတဲ့ အခွင့်အရေးကို ကျနော်တို့ ထုတ်နေတာပဲလေ” ဟု ပြောသည်။
မဟာမိတ်များအဖွဲ့ချုပ်တွင် ဒီမိုကရေစီလိုလားသော ပင်မအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ခဲ့သည့် ဝံသာနု အန်အယ်ဒီ အပါအဝင် အမျိုးသားနိုင်ငံရေး အန်အယ်ဒီ လူငယ် (မိတ္ထီလာ)၊ မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး (တောင်တွင်းကြီး)၊ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးအဖွဲ့၊ အမျိုးသားနိုင်ငံရေး ရခိုင်ပြည်နယ်၊ ဒီမို အန်အယ်ဒီ (စစ်ကိုင်းတိုင်း)၊ အမျိုးသားနိုင်ငံရေး စေ့ဆော်သူများ၊ G–7၊ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု၊ တသီးပုဂ္ဂလနှင့် ညီလာခံကိုယ်စားလှယ်အချို့ဖြင့် ဖွဲ့စည်းထားသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ၁၀ ပါတီ ပေါင်းစပ်ဖွဲ့စည်းခဲ့သည့် ထိုအဖွဲ့ချုပ်၌ ၁၉၉၉ ခုနှစ်တွင် အန်အယ်ဒီမှ ထုတ်ပယ်ခဲ့သည့် အမတ် ရ ဦးဖြင့် ဖွဲ့စည်းထားသည့် (G-7) အဖွဲ့ ပါဝင်ကြောင်း ကာယကံရှင်တဦးဖြစ်သူ မင်္ဂလာဒုံ (၁) မဲဆန္ဒနယ်မှ အမတ်ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။
အမတ် ရ ဦးအဖွဲ့တွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် ဦးကြည်ဝင်း (မင်္ဂလာဒုံ - ၁) ၊ ဦးတင်ထွန်းမောင် (မင်္ဂလာဒုံ - ၂) ၊ ဦးသိန်းကြည် (တောင်တွင်းကြီး)၊ ဦးမြလှိုင် (တွံတေး)၊ ဦးလှစိုး (မင်းဘူး) တို့လည်း ပါဝင်သည်။ သူတို့ထဲမှ အမတ်တဦး ကွယ်လွန်ခဲ့ပြီး၊ လက်ရှိတွင် အမတ် ဦးသန်းထွန်း (ဒေးဒရဲ) ကို စည်းရုံးနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပေဒကို လာမည့်လအတွင်း နေပြည်တော်၌ ကျင်းပမည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး သင်းလုံးကျွတ် ညီလာခံအပြီး ထုတ်ပြန်သွားဖွယ်ရှိကြောင်း နိုင်ငံရေး အကဲခတ်များက ခန့်မှန်းမှုများ ရှိနေသည်။
“လှိုင်မြို့နယ် သံလမ်းမှာ ကျနော်တို့အဖွဲ့ဝင်တွေ ဖြတ်လျှောက်လာတော့ ရွေးကောက်ပွဲကောင်မရှင် ဆိုင်းဘုတ်အဟောင်းတွေကို ပြုပြင်နေတာ တွေ့ခဲ့တယ်” ဟု စစ်အစိုးရဘက်ယိမ်းသည့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ကိုအေးလွင်က ပြောသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီက ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည််သုံးသပ်ပြင်ဆင်ရန်၊ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ပြီးခဲ့သည့် မေလနှောင်းပိုင်းတွင် ကျင်းပသည့် ပါတီညီလာခံအပြီး ရွှေတိဂုံအမည်ရှိ ကြေညာချက်ထုတ်ပြန်ကာ စစ်အစိုးရကို တောင်းဆိုခဲ့သည်။
လာမည့်ရွေးကောက်ပွဲကို လက်မခံသည့် သံဃာ၊ ကျောင်းသားအဖွဲ့များအပါအဝင် ပြတ်ပြတ်သားသား အတိုက်အခံ အင်အားစုအချို့က ထိုရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြောထားကြသည်။
၁၉၉၀ ခုနှစ်တွင် စစ်အစိုးရက အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ အန်အယ်ဒီက မဲ ၈၂ ရာခိုင်နှုန်းကျော် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆိုလိုက်ပြီး၊ စစ်တပ်ဦးဆောင်မှုကို အာမခံမည့် ပုံစံချထားသော အခြေခံဥပဒေတရပ်ကို ရေးဆွဲရန်သာ လုပ်ဆောင်ရမည်ဟု ညွှန်ကြားခဲ့သည်။