ရွှေလီ (မဇ္စျိမ) ။ ။ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်ဒေသသို့ စစ်အင်အားဖြည့်ရန် ရှမ်းပြည် (မြောက်ပိုင်း) တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့တွင် မော်တော်ကားများအား ချောဆွဲခံနေရသည်ဟု ဒေသခံများအပြောအရ သိရသည်။
ယခုလ ၂၇ ရက်နေ့နောက်ပိုင်း စတင်၍ မနေ့ညအထိ ကညန(ခေါ်) ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးဌာနက ချောဆွဲနေကြောင်း ဒေသခံများ ပြောဆိုကြခြင်း ဖြစ်သည်။
“မနေ့ည(၉) နာရီ ဝန်းကျင်လောက်ကပေါ့။ မြို့ထဲမှာ တွေ့တဲ့နေရာက ကားတွေကို လိုက်ခေါ်နေတာ တွေ့တယ်။ ပါသွားတာ တွေ့တာကတော့ တောင်းအေ့စ် (Town ace) ၊ လိုက်အေ့စ် (Light ace) ပက်လက်ကားလေးတွေပေါ့။ မြို့ထဲမှာ ပစ္စည်းတွေဘာတွေ လိုက်ပို့တဲ့ ကားလေးတွေ” ဟု လားရှိုးဒေသခံတဦးက မဇ္စျိမကို ပြောသည်။
ယခင်နေ့များကတည်းက ချောဆွဲခံရသည့် ၁၀ ဘီးကားကြီးများကို လားရှိုးမှ မန္တလေးသို့အထွက် မြို့ပြင်ရှိ တိုးဂိတ် ဂိတ်အနီး၌ ရပ်ဆိုင်းထားပြီး၊ ယမန်နေ့ ညနေပိုင်းကလည်း လားရှိုးမှ မူဆယ်သို့ အထွက်ဂိတ်၌လည်း ကားများ ချောဆွဲခံခဲ့ရသေးသည်။
ထို့အပြင် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်နှင့် မန္တလေးဘက်မှ စစ်ယာဉ်တန်းများသည် လားရှိုးဘက်သို့ တက်လာကြကြောင်း မျက်မြင်တွေ့ရှိသူ ကုန်သည်တဦးက ပြောသည်။
သူက “မန္တလေးဘက်ကနေ လားရှိုးကို တက်လာတာ တလမ်းလုံးပဲ။ စစ်ကားတွေ တောက်လျှောက်ပဲ။ အစီး ၅၀၊ ၆၀ လောက် ရှိတယ်။ မနေ့က” ဟု ပြောသည်။
လားရှိုးမြို့သည် ရှမ်းပြည် (မြောက်ပိုင်း) မြို့တော်ဖြစ်ပြီး၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ မြို့လည်း ဖြစ်သည်။
စစ်ယာဉ်တန်းများသည် စစ်ပွဲများ ဖြစ်ပွားရာ ကိုးကန့်ဒေသအနီးရှိ (UWSP) ခေါ်“ ဝ ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာ ဒေသဝန်းကျင်ရှိ ပန်လုံနှင့် ဟိုပန်ဘက်သို့ ပို့ဆောင်နေကြောင်းနှင့် ယခု ချောဆွဲထားသည့် ကားများကိုမူ ရိက္ခာနှင့် စစ်သားများ ပို့ဆောင်မည်ဖြစ်ကြောင်း တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
ယခုလ ၂၇ ရက်နေ့မှ စတင်၍ အပစ်ရပ် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်သည် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယနေ့ထိ စစ်ယာဉ်တန်း ပို့ဆောင်မှုသည် ၃ ကြိမ် ရှိပြီဟု စစ်ဘက်သတင်းရပ်ကွက်တခု အဆိုအရ သိရသည်။ သံချပ်ကာတပ်များနှင့် အမြောက်ကြီးများကိုပါ သယ်ဆောင်လာသည်ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
ယနေ့တိုင် ကိုးကန့်ဒေသအတွင်း၌ ကြိုးကြားကြိုးကြား ပစ်ခတ်သံများ ကြားနေရဆဲဖြစ်သဖြင့် ရှမ်းပြည် (မြောက်ပိုင်း) ၌ ကုန်တင်ကားများ ပြေးဆွဲမှု ကျဆင်းသွားကြောင်း မူဆယ် ကုန်ကားအသိုင်းအဝိုင်းက ဆိုသည်။
ယခုလ ၂၈ ရက်နေ့ ညပိုင်းက ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့တွင် ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ယခုအခါ ည ၁၀ နာရီကျော် အပြင်ထွက်သူများကို ဖမ်းဆီးမှုများ ရှိနေသည်ဟုလည်း မူဆယ်ဒေသခံ အဆိုအရ သိရသည်။
မူဆယ် မြောက်ပိုင်းရပ်ကွက်တွင် နေထိုင်သူ ခရီးသွားဧည့်သည် လူငယ်တဦးက “ အရမ်းစစ်ဆေးနေတယ်။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း လုံခြံုရေး အပြည့်ယူထားတယ်။ ကျနော်တို့အိမ်ရှင်က ပြောတယ်၊ ညမထွက်နဲ့တော့ ပေါ်တာဆွဲမယ်လို့ ပြောထားတယ် ” ဟု ပြောဆိုသည်။
ယမန်နေ့ စစ်အစိုးရရုပ်သံက ကိုးကန့်စစ်ပြေးဒုက္ခသည်များ နေရပ်သို့ပြန်လာနေသည်ဟု ထုတ်လွှင့်သော်လည်း ဒေသခံများကမူ အိမ်ပြန်သူများ မရှိသေးကြောင်း ပြောသည်။ ထို့အပြင် မြန်မာစစ်တပ်က ကိုးကန့်မြို့တော် လောက်ကိုင်တွင် ပစ္စည်းများ လုယူနေသည့်အပြင် သေနတ်ဖြင့် မဲမဲမြင်ရာ ပစ်ခတ်နေသောကြောင့် တရုတ် နယ်စပ်သို့ သွားရောက်ခိုလှုံသူများသည် နေရပ်ပြန်ရန် စိုးရွံ့နေကြောင်း ပြောသည်။
တရုတ်နယ်စပ်သို့ ခိုလှုံရောက်ရှိလာသည့် ကိုးကန့် စစ်ပြေးဒုက္ခသည် ၂ သောင်းကျော်ကို အိမ်ပြန်နိုင်ရန် တရုတ်အာဏာပိုင်များ ဆောင်ရွက်နေပြီး မြန်မာဘက်ကလည်း အုပ်ချုပ်ရေး ကော်မတီတခု ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
စစ်အစိုးရတပ်များနှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားသည့် ကိုးကန့်ဒေသသည် ရှမ်းပြည် (မြောက်ပိုင်း) အရှေ့ဘက်ဖျားတွင် တည်ရှိပြီး အနောက်ဘက်ခြမ်းနှင့် သံလွင်မြစ်က ကာရံထားသည်။
လားရှိုးမှ ကားလမ်းအတိုင်း သိန္နီမြို့လမ်းခွဲမှတဆင့် ကွမ်လုံမြို့သို့ ကားဖြင့်သွားကာ သံလွင်မြစ်ကို ကွမ်လုံကြိုးတံတားမှ ကိုးကန့်ဒေသသို့ သွားရောက်ရသည်။