နယူးဒေလီ (မဇ္ဈိမ)။ ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက အမြန် ပြန်လွှတ်ပေးလိမ့်မည်ဟု ဂျပန်နိုင်ငံက မျှော်လင့်ထားကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖူမီ နာကာဆိုနေး Hirofumi Nakasone က ထပ်လောင်း ပြောဆိုသည်။
နာကာဆိုနေးက အလည်အပတ် ရောက်ရှိနေသော မြန်မာနိုင်ငံ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦးနှင့် အင်္ဂါနေ့က ခေတ္တတွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေး၍ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ်၌ ပါဝင်ခွင့်ပေးလိမ့်မည်ဟု တိုကျိုက အခို်င်အမာ မျှော်လင့်ထားသည်ဟု ဆိုသည်။
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံနိုင်ရေးအတွက် `မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးဖြစ်စဉ်၌ သက်ဆိုင်သူ အားလုံးကို ပါဝင်ခွင့်ပေးလိမ့်မည်ဟု ဂျပန်နိုင်ငံက အခိုင်အမာ မျှော်လင့်ထားသည်´ ဟု သူက ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သမျှ စောလျင်စွာလွှတ်ပေးပါမည်ဟု မြန်မာအစိုးရ၏ ပြောကြားချက်ကို ဂျပန်နိုင်ငံက မှတ်သားထားကြောင်းနှင့် ယင်းကို အလျင်အမြန် အကောင်အထည်ဖော်ရန်လည်း ဂျပန်နိုင်ငံက တိုက်တွန်းခဲ့သည်။ သူမကို လွှတ်ပေးပြီး ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ပေးခြင်းဖြင့် မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိလိမ့်မည်ဟု နာကာဆိုနေးက ပြောသည်။
ဂျပန်ဝန်ကြီး၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် ဗိုလ်ချုပ်ဌေးဦးက `သူမအနေဖြင့် ထိန်းသိမ်းခံကာလ ၁၈ လအတွင်း ကောင်းမွန်စွာ နေထိုင်ပါက´ သူ့အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို စောလျင်စွာလွှတ်ပေးရန် စဉ်းစားနေသည်ဟု ပြောသည်။
ဗိုလ်ချုပ်ဌေးဦးသည် စစ်အစိုးရကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း - USDA ၏ အတွင်းရေးမှူးတဦးလည်းဖြစ်ပြီး၊ သူက ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စကို တရားဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး ကျဆုံးသွားသော သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းအပေါ် လေးစားမှုကို ပြသသည့်အနေနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူမ၏ ပြစ်ဒဏ်ကို ၁၈ လအထိ လျှော့ပေ့ါပေးခဲ့ပြီး နေအိမ်တွင် နေထိုင်ခွင့်ပေးခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမနှင့်အတူနေသူ ပါတီဝင်နှစ်ဦးကို အမေရိကန်လူမျိုး ဂျွန်ဝီလျံယက်တောဆိုသူအား သူမ၏ ရေကန်ဘေး နေအိမ်သို့ လာရောက်သည်ကို လက်ခံခဲ့၍ နေအိမ်အကျယ်ချုပ် စည်းကမ်းများ ချိုးဖောက်သည်ဟူသော စွဲချက်ဖြင့် ယခုလ ၁၁ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သည်။
သို့သော် မြန်မာစစ်အစိုးရအကြီးအကဲက ခေါင်းဆေ သူ၏ အုပ်ချုပ်ရေးအာဏာကို အသုံးပြုကာ တရားရုံးက ချမှတ်သော ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချပေးခဲ့သည်။ သူမနှင့်အတူ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် အမျိုးသမီးနှစ်ဦးကိုလည်း ကန့်သတ်ချက်များဖြင့် နေအိမ်တွင် ပြစ်ဒဏ်ကျခံခွင့်ပေးခဲ့သည်။
ဗိုလ်ချုပ်ဌေးဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦး၊ စစ်ဖက်ရေးရာလုံခြံုရေးတပ်ဖွဲ့မှ အရာရှိများ လိုက်ပါလာခဲ့ပြီး ဤခရီးစဉ်သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေရန် ဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
ဤခရီးစဉ်သည် ဂျပန်နှင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအကြား ဆက်ဆံရေး နွေးထွေးမှု ရှိလာသည်ကို ပြသသည့် လက္ခဏာပင်ဖြစ်သည်ဟု မြန်မာနိုင်ငံအကြောင်း လေ့လာနေသူ ဂျပန် သုတေသီ ယူကီ အာကီမိုတို (Yuki Akimoto) က ပြောသည်။
မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်နေခဲ့သော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ပြီးချိန်မှစ၍ ကျယ်လောင်စွာ ဝေဖန်ပြောကြားလာခဲ့သည်ဟု တိုကျိုရှိ မြန်မာရုံးတာဝန်ခံ ဒေါက်တာမင်းညိုက ပြောသည်။
ဂျပန်နိုင်ငံ၏ နောက်တက်လာမည့် ဂျပန်အစိုးရသစ်သည် မြန်မာစစ်အစိုးရအပေါ် ပိုမိုတင်းမာသည့် သဘောထားများ ထားရှိလိမ့်မည်ဟုလည်း ဒေါက်တာမင်းညိုက ဆိုသည်။
မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ဂျပန်က အဆင့်တိုးမြှင့်ပြုလုပ်လိုသည့်အတွက် မြန်မာအစိုးရက ရွေးကောက်ပွဲများကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထောက်ခံနိုင်သည့် ပုံစံဖြင့် ကျင်းပပေးစေလိုသည်ဟု အာကီမိုတိုက ပြောသည်။