အတိုက်အခံများက အဝါရောင် လှုပ်ရှားမှုစတင်

အတိုက်အခံများက အဝါရောင် လှုပ်ရှားမှုစတင်
by -
မြင့်မောင်
ရန်ကုန်ရှိ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၁၀ ဦးက အဝါရောင် လှုပ်ရှားမှုတခုကို ယမန်နေ့မှ စတင်လိုက်ပြီး လွန်ခဲ့သော ၂ နှစ်က စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့သည့် မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါဝင်ခဲ့ ...

နယူးဒေလီ (မဇ္စျိမ)။     ။ရန်ကုန်ရှိ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၁၀ ဦးက အဝါရောင် လှုပ်ရှားမှုတခုကို ယမန်နေ့မှ စတင်လိုက်ပြီး လွန်ခဲ့သော ၂ နှစ်က စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့သည့် မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါဝင်ခဲ့သော သံဃာတော်များကို ဂုဏ်ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ်နီးပါး ရွှေတိဂုံဘုရားတွင် ဘုရားရှိခိုး ဆုတောင်းမှုပြုသည့် အင်္ဂါနေ့ဝတ်ပြု အဖွဲ့မှ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများသည် အဝါရောင်သင်္ကေတများ ဝတ်ဆင်ကာ ဝတ်ပြုဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“အခုဆိုလို့ရှိရင် စက်တင်ဘာက နီးလာပြီဆိုတော့လေ။ အင်္ဂါဝတ်ပြု ဆုတောင်းအသင်းက ရွှေဝါရောင် တော်လှန်းရေးရဲ့ သင်္ကေတဖြစ်တဲ့ အဝါရောင် ခေါင်းစည်း၊ ဆံထိုး၊ ပန်း၊ အင်္ကျီတွေဝတ်ပြီး ရွှေတိဂုံစေတီမှာ တက်ရောက်ဆုတောင်းခဲ့ကြတယ်” ဟု ဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ ဒေါ်နော်အုန်းလှက မဇ္စျိမကို ပြောသည်။

လူစုလူဝေးဖြစ်လာနိုင်ခြေရှိသော အတိုက်အခံများ၏ လှုပ်ရှားမှုမှန်သမျှကို ဒေါက်ထောက်ကြည့်ပြီး သီးခံနိုင်စွမ်းနည်းသည့် စစ်အစိုးရလက်အောက်တွင် ယခုလုပ်ရပ်မှာ စိန်ခေါ်မှုတခု ဖြစ်နေသည်။

နိုင်ငံရေးအမှတ်အသားဖြင့် စုဝေးကာ ဘုရားရှိခိုးသူများက  လာမည့်လ ၂၅ ရက်နေ့အထိ အင်္ဂါနေ့များတွင် အဝါရောင်များ ဝတ်ဆင်ကာ ဝတ်ပြုပွဲများ ကျင်းပသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဒေါ်နော်အုန်းလှက “ရန်ကုန်က စလုပ်တယ်။ နယ်တွေလည်း အားလုံး ပါဝင်နိုင်တယ်။ ဒါတွေ ဝတ်ဆင်လို့၊ သုံးဆောင်လို့ ဘာမှလုပ်လို့မယ့်အရာ မဟုတ်ဘူးလေ။ ပါဝင်လာကြဖို့လည်း မေတ္တာရပ်ခံတယ်။ ကိုယ့်ဘာသာ၊ သာသနာကို မမေ့ဖို့ ဆိုတာကိုလည်း ပြောချင်တယ်” ဟု ပြောသည်။

ထောင်ပေါင်းများစွာသော သံဃာတော်များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၏ လမ်းမများပေါ်၌ ကြွချီ၍ မေတ္တာပို့ဆုတောင်းသည်ကို လုံခြံုရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP အဆိုအရ ဆန္ဒပြမှုနှင့်ပတ်သက်၍ သံဃာတော် ၂၀၀ ကျော် အဖမ်းခံရသည်ဟု ဆိုသည်။

သံဃာတော်များအပါအဝင် လူ ၁ဝ ဦးသာ သေဆုံးပျံလွန်ခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ သို့သော် သေဆုံးသူမှာ အဆများစွာ ပိုနိုင်ကြောင်း အတိုက်အခံများက ပြောသည်။

အလားတူလှုပ်ရှားမှုတခုကို ယမန်နေ့ကပင် မန္တလေးမြို့၊ မိတ္ထီလာ၊ ရမည်းသင်း၊  ရေနံချောင်းနှင့်  ပဲခူးမြို့တွင် တက်ကြွလှုပ်ရှားသူများက ဒေါ်အာင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

ဒေါ်နော်အုန်းလှ ဦးဆောင်သည့် အင်္ဂါ ဝတ်ပြုဆုတောင်းအဖွဲ့က ကုသိုလ်ပြုသည့် ဘုန်းကြီးကျောင်းတိုက်များကို ဒေသအာဏာပိုင်များက လိုက်လံပိတ်ပင်ရန် ကြိုးစားခဲ့သည်ဟု  စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူကာ တိုင်ကြားစာ ပေးပို့တိုင်ကြားထားကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် လေးတောင့်ကန် ရပ်ကွက်မှ ရွာဦးဘုန်းကြီးကျောင်း၌ အဖွဲ့က ဆွမ်းကပ်တရားနာသဖြင့် မြို့နယ်အာဏာပိုင်များက ကျောင်းတိုက်ချိတ်ပိတ်ခံရနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု စာထဲတွင် ပါရှိသည်။

ထို့အပြင် သြဂုတ်လ ၈ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်း မကွေး စာသင်တိုက်၌ အင်္ဂါဝတ်ပြုအဖွဲ့က အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြန်ရာ အလားတူပြောဆိုခဲ့သည်ဟု  ဆက်လက်ရေးသားထားသည်။