မဇ္စျိမ (ချင်းမိုင်)။ ။ ထိုင်းနိုင်ငံ ရောက်ရှိနေသည့် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ပတ္တရား ယူနိုက်တက် အသင်းတို့ ထိုင်းနိုင်ငံ ချွန်ဘူရီမြို့တွင် ယမန်နေ့က ယှဉ်ပြိုင်ကစားရန် စီစဉ်ခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပွဲဖျက်သိမ်းလိုက်ရသည်။
ကွင်းအတွင်းရေများ ဝင်ရောက်နေခြင်း၊ ပတ္တယားအသင်းမှာလည်း အခြားပြိုင်ပွဲတစ်ပွဲ ကစားရန်ရှိနေခြင်း တို့ကြောင့် ပွဲအစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ရာသီဥတု အခြေအနေကြောင့် ပွဲပျက်သွားတယ် မကန်ဖြစ်ဘူး။ မနက်ဖြန် တယ်ရိုဆက်စနာနဲ့ ကန်ဖြစ်မယ် သူတို့ ကလပ်ကွင်းမှာ ညနေ ၄ နာရီမှာပါ” ဟု အသင်း၏ အမှုဆောင်အရာရှိချုပ် ဦးစိုင်းခင်မောင်အေးက မဇ္စျိမကို ပြောသည်။
မနက်ဖြန်တွင် ဘန်ကောက်ရှိ ထိုင်းကလပ် တယ်ရိုဆက်စနာ အသင်း၏ ကွင်းတွင် ညနေ ၄ နာရီတွင် နောက်ဆုံးခြေစမ်းပွဲ ကစားပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် ပြည်ပကစားသမားများကို အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခုလ ၁၉ ရက်နေ့က အရှေ့ဘင်ဂေါအသင်းအား ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခြင်း၊ ၂၀ ရက်နေ့က ထိုင်းဆိပ်ကမ်းအသင်းအား ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခြင်းကြောင့် အသင်း၏ ပြင်သစ်နည်းပြဆရာအား ထုတ်ပယ် လိုက်သည်ဟု သတင်းထွက်နေသည်မှာ မဟုတ်မှန်ကြောင်း ဦးစိုင်းခင်မောင်အေးက ပြောသည်။
“မဆိုင်ပါဘူးခင်ဗျာ။ ကျနော်တို့နဲ့ ညှိနှိုင်းမှု တချို့ဟာလေးတွေ သူ့တောင်းဆိုချက်နဲ့ အဆင်မပြေတဲ့ဟာ လေးတွေရှိလို့ပါ။ ကျနော်တို့က စာချုပ်မချုပ်ရ သေးဘူး စာချုပ်မချုပ်ရသေးတော့ သူနဲ့လုပ်ရင်း ကိုင်ရင်း နဲ့ အဆင်မပြေတာလေးတွေရှိတော့ စာချုပ်မချုပ်ဖြစ်တော့တာ ခင်ဗျာ” ဟု သူက မဇ္စျိမကိုပြောသည်။
၎င်း၏နေရာတွင် အစားထိုးမည့် အစီအစဉ်မရှိဘဲ မူလအစီအစဉ်အတိုင်း နည်းပြချုပ်အဖြစ် ကိုမျိုးလှိုင်ဝင်း သာ ဆက်လက် တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇသည် ၂၄ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ သို့ ရောက်ရှိပြီး ညနေပိုင်းတွင် အသင်းရှိရာသို့ လာရောက် အားပေးခဲ့ကြောင်းလည်း ဦးစိုင်းခင်မောင်အေး ကပြောသည်။
ကစားသမားများ ဘောလုံးကန်ဖိနပ်များ ဝယ်ယူရန် အသင်းစီးအီးအို ဦးစိုင်းခင်မောင်အေးမှ ၂၃ ရက်နေ့ က ကစားသမားတဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ စီ ပေးအပ်ခဲ့သည်။
ရန်ကုန် ယူနိုက်တက် FC ကို မြန်မာ စစ်ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်သည့် စီးပွားရေးသမားကြီး ဦးတေဇက ပိုင်ဆိုင်သည်။