ဒေါ်စု၏ လက်ရှိ အနေအထား နေအိမ် အကျယ်ချုပ်ထက်ပင် ဆိုးရွား

ဒေါ်စု၏ လက်ရှိ အနေအထား နေအိမ် အကျယ်ချုပ်ထက်ပင် ဆိုးရွား
by -
ဖနိဒါ
ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိနေရသော အချုပ်အနှောင် အနေအထားသည် နေအိမ် အကျယ်ချုပ်ထက်ပင် ပိုမို ဆိုးရွားနေသည်ဟု သူမ၏ပါတီ ပြောရေးဆိုခွင့်ရှိသူက စစ်အစိုးရကို ပြစ်တင် ပြောဆို ...

ချင်းမိုင်(မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိနေရသော အချုပ်အနှောင် အနေအထားသည် နေအိမ် အကျယ်ချုပ်ထက်ပင် ပိုမို ဆိုးရွားနေသည်ဟု သူမ၏ပါတီ ပြောရေးဆိုခွင့်ရှိသူက စစ်အစိုးရကို ပြစ်တင် ပြောဆိုလိုက်သည်။

နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်အရ ဆိုင်းငံပြစ်ဒဏ် ၁၈ လကို နေအိမ်တွင် စည်းကမ်းချက်များနှင့် အညီ နေထိုင်ရန် ချမှတ်လိုက်ရာ ရှင်းလင်းမှုမရှိသော စည်းကမ်းချက်များကြောင့် ပိုမိုဆိုးရွားခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်းက ပြောသည်။

“အရင် အကျယ်ချုပ်တုန်းကထက်စာရင် အခု နေရ ထိုင်ရတာ ပိုတောင်ဆိုးသလား မပြောတတ်ဘူး။ ဒီစည်းကမ်းချက် ၈ ချက်လုံးဘဲ မရှင်းမလင်း ဖြစ်နေတာ။ အပြင် ဧည့်သည်ကို ဒေါ်စုက ခေါ်နိုင်လား။ အပြင်ဧည့်သည်ကဘဲ ခွင့်ပြုချက်တောင်းပြီး ဝင်ရမှာလား။ ဒါတွေလဲ မရှင်းဘူး။ အခုထိ အန်ကယ်တို့ တောင် ဘာမှကို မသိသေးဘူး။ ပိုတောင် ကျဉ်းကြပ်တယ်လို့ မြင်တယ်” ဟု ရှေ့နေလည်း ဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္စျိမသို့ ပြောသည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင်တရားရုံးက ယခုလ ၁၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်သည်ဟု ဆုံဖြတ်ပြီး အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး အမှတ်မထင် ရောက်လာပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လျော့ပေါ့ပေးသည်ဆိုကာ ပြစ်ဒဏ်ထက်ဝက်ကို ဆိုင်းငံ့အဖြစ် ကျခံရန်နှင့် နေအိမ်တွင် စည်းကမ်း ၈ ချက်နှင့် နေရန်ဆိုသော အမိန့်စာ ဖတ်ကြားခဲ့သည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် ပြန်လည် နေထိုင်ခွင့်ပြုခြင်း၊ ခြံဝင်းအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုခြင်း၊ ကျန်းမာရေးအတွက် ဆရာဝန် သူနာပြုများ ပြသခွင့်ရှိခြင်း၊ သက်ဆိုင်ရာ၏ ခွင့်ပြုချက်နှင့် ဧည့်သည်တွေ့ခွင့်ပြုခြင်း၊ မြဝတီနှင့် မြန်မာ့ရုပ်မြင်သံကြား ကြည့်ခွင့် ရှိခြင်း၊ ပြည်တွင်းမှာ တရားဝင်ခွင့်ပြုထားသော စာအုပ် စာစောင်နှင့် သတင်းစာများ ဖတ်ခွင့်ပြုခြင်း၊ မိမိ၏ လုပ်ဆောင်ရန် ရှိသည်များနှင့် လိုအပ်သည်များကို တာဝန်ရှိသူများထံ စာဖြင့် ရေးသားတောင်း ဆိုနိုင်ခြင်းနှင့် အထက်ပါ ကိစ္စရပ်များကို သက်ဆိုင်ရာခွင့်ပြုချက် တောင်းခံလုပ်ဆောင်နိုင်ခြင်း ဟူသော စည်းကမ်းများ ပါဝင်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး လုပ်ဆောင်နိုင်ခြင်း မရှိစေရန် ရည်ရွယ်ချက်ဖြင့် စည်းကမ်းချက်များကို နအဖက ချမှတ်လာခြင်းသာ ဖြစ်သည်ဟု မြင်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားရုံးက ချမှတ်လိုက်သည့် ထောင်ဒဏ် ၃ နှစ်နှင့် ပတ်သက်၍ အယူခံအား လာမည့်ပတ်တွင် အယူခံ တင်နိုင်ရန် ယခုတပတ်အတွင်း ပြင်ဆင်လျက်ရှိကြောင်း သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းအတွင်း၌ ယခင်က နေထိုင်ခဲ့သော စျေးဝယ်ပေးသူနှင့် ခြံအလုပ် ဝိုင်းကူပေးနေသူတို့နှစ်ဦးကို နေထိုင်ခွင့် မပေးတော့ဘဲ ဒေါ်ခင်ခင်ဝင်းတို့ သားအမိနှစ်ဦးကိုသာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေခွင့်ပေးထားကြောင်း သိရသည်။

Most read this week