မဇ္စျိမ (ချင်းမိုင်) ။ ။ မြန်မာနိုင်ငံ၌ ငွေစက္ကူ အဟောင်းအနွမ်းများ လက်ပြောင်း သုံးစွဲနေခြင်းသည် ကူးစက်ရောဂါများ ပြန့်ပွားပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ဆရာဝန်များက ပြောဆိုကြသည်။
ဟောင်းနွမ်းနေသည့် ငွေစက္ကူများပေါ်တွင် ဘက်တီရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ပရိုတိုဇိုးဝါး ခေါ် မှိုပေါက်စေနိုင်သည့် ရောဂါပိုးများအပြင် အခြား ယားနာပိုး အမျိုးအစားပေါင်း မြောက်မြားစွာ ရှိနေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။
“ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ ငွေစက္ကူ အဟောင်းအနွမ်းတွေ ကိုင်တွယ်ခြင်းအားဖြင့် ပြည်သူလူထုမှာ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကူးစက်တတ်တဲ့ ရောဂါတွေ၊ နောက်တခုက အရေပြားဆိုင်ရာပေါ့လေ၊ တချို့ဆိုလို့ရှိရင် အရေပြားပေါ်မှာ ညှင်းပေါက်တာ၊ ပွေးပေါက်တာ၊ အဲဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ အများပြည်သူအတွက် ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ပဲ ကျနော် ဆိုချင်ပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးနှင့် ပညာရေးဌာန - NHEC မှ ဒါရိုက်တာ ဒေါက်တာ သီဟမောင်က မဇ္စျိမကို ပြောသည်။
လက်ဆေးခြင်းနှင့် ငွေစက္ကူများမှ ထွက်သော အငွေ့ကို မရှူရှိုက်မိစေရန် သတိထား ကာကွယ်ခြင်းတို့ ပြုလုပ်သင့်ကြောင်း သူက အကြံပြုတိုက်တွန်းသည်။
မြန်မာနိုင်ငံ မြို့တော်ဟောင်း ရန်ကုန်၌ပင် ငွေစက္ကူများအား အလွန်အမင်း နွမ်းပါးဟောင်းရိနေသည့်တိုင် သုံးစွဲနေကြရသည်။
ကျန်းမာသန်စွမ်းနေသော လူလတ်ပိုင်းလူငယ်များအတွင် ကူစက်မှုမလွယ်ကူနိုင်သော်လည်း ကိုယ်အရေပြား နုနယ်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပြင် အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ရောဂါကူးစက်လွယ်ပြီး အန္တရာယ်ရှိခြင်းကြောင့် အထူးဂရုစိုက်ရန် လိုအပ်သည်ဟု ဆိုသည်။
စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင်ဆေးရုံမှ ဆရာဝန်တဦးကလည်း “အဓိကကတော့ ပိုက်ဆံရေမယ်ဆိုလို့ရှိရင်၊ Mask တပ်ထားပေါ့။ နှာခေါင်းစည်းတပ်ထားပေါ့။ ပိုက်ဆံကိုင်ပြီးရင် လက်ဆေးပေါ့။ ” ဟု ဆိုသည်။
ပြီးခဲ့သည့်လမှစ၍ ရန်ကုန်မြို့ ဗိုလ်ဆွန်ပတ်လမ်းနှင့် ကမ်းနားလမ်းဒေါင့်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဌာနခွဲ ငွေစက္ကူ လဲလှယ်ရေးကောင်တာနှင့် မြန်မာ့စီးပွားရေးဘဏ် လက်ခွဲအသီးသီးတွင် ငွေစက္ကူအဟောင်းများကို အသစ်များဖြင့် လဲပေးနေသည်။
သို့သော် လူတဦးလျှင် ၁ဝ ရွက်နှုန်းဖြင့်သာ ကန့်သတ်လဲလှယ်ပေးနေသဖြင့် ပြည်သူများက အရေအတွက် တိုးချဲ့ပေးစေလိုကြောင်း စုံစမ်းသိရှိရသည်။