စစ်ကိုင်းပြတ်ရွေ့ ငလျင်လမ်းကြောင်းမြေပုံ အပြီးသတ် ရေးဆွဲနေ

စစ်ကိုင်းပြတ်ရွေ့ ငလျင်လမ်းကြောင်းမြေပုံ အပြီးသတ် ရေးဆွဲနေ
by -
မေကျော်
စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ဆက်စပ်နေသည့် မြို့ရွာများ၏ ငလျင် ဖြစ်နိုင်ခြေ အသေးစိတ် မြေပုံကို လာမည့်လအတွင်း အပြီးသတ် ရေးဆွဲသွားမည် ဖြစ်သည်။ ...

ချင်းမိုင် (မဇ္စျိမ)။    ။ စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ဆက်စပ်နေသည့် မြို့ရွာများ၏ ငလျင် ဖြစ်နိုင်ခြေ အသေးစိတ် မြေပုံကို လာမည့်လအတွင်း အပြီးသတ် ရေးဆွဲသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့ ပူးပေါင်းဖွဲ့စည်းထားသည့် ငလျင်ကော်မတီက စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ဆက်စပ်နေသည့် မြို့ရွာများ၏ အသေးစိတ် ငလျင်ဇုန်မြေပုံကို ဖော်ထုတ်ရေးဆွဲနေကြခြင်း ဖြစ်သည်။

“မပြီးသေးပါဘူး။ ပြီးခါနီးပါပြီ။ ပြီးသလောက်တော့ ရှိနေပါပြီ။ အပြီးသတ်ရေးဆွဲနေတာပါ။ NGO (အစိုးရမဟုတ်သော အဖွဲ့) တချို့နဲ့ ပူးပေါင်းလုပ်နေတာပါ” ဟု ယင်းကော်မတီနှင့် နီးစပ်သူက ဆိုသည်။

စစ်ကိုင်းပြတ်ရွေ့ကြော လမ်းကြောင်းအတွင်း ပါ၀င်သည့် စစ်ကိုင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့် မြို့ကြီးများ၏ အသေးစိတ် ငလျင်ဇုန်ပြ မြေပုံများ ပါ၀င်မည်။

ယခု နောက်ဆုံး မြေပုံရေးဆွဲသည့် အဆင့်တွင် အာဏာပိုင်များ လက်ခံလာရေးနှင့် အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ပညာရှင်များက ကြိုးစားနေကြသည်။

“ပြည်သူတွေ၊ ဌာနဆိုင်ရာတွေလည်း သိအောင် နည်းမျိုးစုံနဲ့ ချဉ်းကပ်လုပ်ဆောင်နေတယ်။ ဘာပဲဖြစ်ဖြစ် သဘာဝဘေးအန္တရာယ် ကာကွယ်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု ငလျင်ကော်မတီနှင့် နီးစပ်သူက ဆိုသည်။

အိန္ဒိယ မြေထုချပ်က မြန်မာပြည် မြေထုချပ်အောက် တနှစ်လျှင် ၄ စင်တီမီတာမှ ၆ စင်တီမီတာအထိ ငုပ်လျှိုးဝင်နေပြီး ကပ္ပလီပင်လယ်ရှိ ဖြန့်ကြက်ဗဟိုတခုက မြန်မာ့မြေထုချပ် မြောက်ဘက်သို့ ပျမ်းမျှအားဖြင့် တနှစ်လျှင် ၂ ဒဿမ ၅ မှ ၃ စင်တီမီတာနှုန်းနှင့် ရွေ့လျားနေသည်ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယက ဒေါက်တာ မောင်သိမ်းက ၂၀၀၈ ခုနှစ်က ပြည်တွင်းဂျာနယ် 24/ 7 သို့ ပြောကြားထားသည်။

ယင်းဖြစ်ရပ်ကြောင့် စစ်ကိုင်းပြတ်ရွေ့နှင့် ဆက်စပ်ပြတ်ရွေ့များ ဖြစ်ပေါ်ပြီး၊ ငလျင် ဖြစ်ပေါ်စေနိုင်ကြောင်း ဒေါက်တာ မောင်သိမ်းက ပြောကြားခဲ့သည်။

ငလျင်ကော်မတီ အဖွဲ့ဝင်များကမူ သတင်းထုတ်ပြန်ပါက အာဏာပိုင်များနှင့် နားလည်မှု လွဲမှားပြီး၊ လုပ်ငန်း ထိခိုက်မည်ကို စိုးရိမ်နေကြကာ မြေပုံရေးဆွဲခြင်း လုပ်ငန်းများ အဆုံးမသတ်မီ သတင်းထုတ်ပြန်ရန် ဆိုင်းငံ့ထားဦးမည်ဟု ဆိုသည်။

“ပညာရှင်အဖွဲ့ဖြစ်တဲ့အတွက် အရမ်းကို ဂရုစိုက်ပြီး၊ တလှမ်းချင်း လှမ်းပြီး ဆောင်ရွက်နေပါတယ်။ အရမ်း သတိထားနေရပါတယ်။ တခါတလေ မလိုလားအပ်တဲ့ ဖြေရှင်းမှုတွေ လုပ်နေရတယ်။ ဒါတွေက အရေးကြီးဆုံး ပွိုင့်ကို ရောက်နေပြီးဖြစ်တဲ့အတွက် တခုခု နားလည်မှု လွဲသွားရင် ရှင်းရတာခက်လို့ပါ ”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ငလျင်ကော်မတီဝင်တဦးက ပြောကြားသည်။

စစ်အစိုးရက တနာရီလျှင် မိုင် ၁၂၀ ကျော် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း သတိပေးချက်ကိုပင် မထုတ်ပြန်ခဲ့ဘဲ ထိန်ချန်ထားရာ ယခု စစ်ကိုင်း ပြတ်ရွေ့ကြောနှင့် ဆက်စပ်ငလျင် အသိပေးချက်ကို ပြည်သူသို့ ထုတ်ပြန်ခွင့် ပေးရန် မသေချာသေးခြင်း ဖြစ်သည်။

Most read this week