ယက်တော ထိုင်းကနေ ထွက်ခွာသွားပြီ

ယက်တော ထိုင်းကနေ ထွက်ခွာသွားပြီ
ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း ခိုးဝင်သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ရ နှစ် ကျခံရသူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောသည် ထိုင်းနိုင်ငံ ဘန်ကောက်မှ ယနေ့နံနက်တွင် အမေရိကားသို့ ထွက်ခွာသွား ...

မဇ္စျိမ (ချင်းမိုင်)။     ။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း ခိုးဝင်သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ရ နှစ် ကျခံရသူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောသည် ထိုင်းနိုင်ငံ ဘန်ကောက်မှ ယနေ့နံနက်တွင် အမေရိကားသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

မစ္စတာ ဂျွန်ဝီလျံ ယက်တောသည် UA 890 လေကြောင်းဖြင့် ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်မှ ထွက်ခွာသွားသည်ဟု ယင်းလေဆိပ် လူဝင်မှုကြီးကြပ်ရေးအရာရှိ ဗိုလ်မှူးကြီး Pongdej Chaiprawet က အေအက်ပီ သတင်းဌာနကို ပြောသည်။

သူသည် ဂျပန်န်ိုင်ငံ တိုကျိုမြို့တွင် လေယာဉ်ပြောင်း၍ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလီစ်မြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးအပြီး ၅၄ နှစ်အရွယ် မစ္စတာ ဂျွန်ယက်တောအား အမေရိကန်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ဝက်ရူးပြန်၊ ဆီးချိုသွေးချိုနှင့် နှလုံးရောဂါတို့ ရှိနေသည့် မစ္စတာယက်တောအား ပြီးခဲ့သည့် တနင်္ဂနွေက မြန်မာနိုင်ငံမှ နှင်ထုတ်ခံရပြီးနောက် ဘန်ကောက်၌ ဆေးစစ်ဆေးကုသမှု ၂ ရက်ပြုခဲ့ရသည်။

ယင်းမတိုင်မီကလည်း အင်းစိန်ထောင်ဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့တွင် အရေးပေါ် ကုသမှုများ ပြုလုပ်ခဲ့ရသေးသည်။

ယခုနှစ် မေလဆန်းက အင်းယားကန်မှ ရေဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်းသို့ ခိုးဝင်ခဲ့သူ မစ္စတာယက်တောအား နအဖ အာဏာပိုင်များက ဖမ်းဆီး၍ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ရန်ကုန်မြူနီစီပယ်ဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးမည့်သူကို အားပေးကူညီမှုတို့ဖြင့် အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ရ နှစ် ချမှတ်ခဲ့သည်။

မစ္စတာယက်တောသည် ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမည်ဟူ၍ အကြားအမြင်ရသဖြင့် သတိပေးရန်အတွက် ခြံဝင်းအတွင်း ဝင်ရောက်ခြင်းဖြစ်သည်ဟု ပြောသည်။

သို့သော် သူ၏ အပြုအမှုကို အခြေခံ၍ နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် နောက်ထပ် ၁၈ လ ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ပါတီ အန်အယ်ဒီအပါအဝင် အတိုက်အခံများကမူ ယင်းပြစ်ဒဏ်ချမှတ်မှုသည် ဥပဒေနှင့် မညီဘဲ နအဖ ၏ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်လမ်းရှင်းခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဇူလိုင်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပြုခဲ့သော နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ အရှေ့အာရှနှင့် ပိစိဖိတ်ဒေသဆိုင်ရာ ကော်မတီခွဲ ဥက္ကဋ္ဌလည်း ဖြစ်သူ မစ္စတာ ဂျင်မ်ဝက်ဘ်အား တွေ့ခွင့်ပြုခဲ့သည့်အပေါ် မေးခွန်းများလည်း ဖြစ်ပေါ်နေသည်။

ထို့အပြင် မစ္စတာယက်တောအား ယခုကဲ့သို့ ပြည်နှင်ဒဏ်ဖြင့် အမေရိကန်သို့ ပြန်လွှတ်ပေးရန် မစ္စတာဝက်ဘ်နှင့် နအဖ စစ်ခေါင်းဆောင်အကြား အပေးအယူအဖြစ် သဘောတူညီမှု တစုံတရာ မရှိဟု မစ္စတာဝက်ဘ်က ငြင်းဆိုထားသည်။

ယခုကဲ့သို့ မစ္စတာယက်တော ပြန်လည်လွတ်မြောက်လာခြင်းအတွက် အမေရိကန်သမ္မတ မစ်စတာအိုဘားမားက ကြိုဆိုလိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် ထပ်လောင်း တောင်းဆိုခဲ့သည်။

ဗီယက်နမ် စစ်ပြန်တဦးဖြစ်သူ မစ္စတာ ဂျင်မ်ဝက်ဘ်သည် လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများ ပါဝင်သော ၎င်း၏ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း လာအိုနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ယခုလ ၁၄ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

၎င်း၏ ခရီးစဉ်တွင် နအဖ ခေါင်းဆောင်များသာမက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်၊ အန်အယ်ဒီပါတီ အပါအဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၁ဝ ခု၊ အပစ်ရပ် တိုင်းရင်းသားအဖွဲ့အချို့မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ယခုအခါ သူသည် ကမ္ဘောဒီးယားနိုင်ငံမှတဆင့် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

Most read this week