ဖူးခက်တွင် မြန်မာလုပ်သား ၁၀၀ နီးပါး အဖမ်းခံရ

ဖူးခက်တွင် မြန်မာလုပ်သား ၁၀၀ နီးပါး အဖမ်းခံရ
by -
ကျော်သိင်္ခ
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့နယ် ဘန်သချက်ချိုင်ရွာရှိ ဆောက်လုပ်ရေးလုပ်သား မြန်မာ ၉၅ ဦးအား ယမန်နေ့နံနက်ပိုင်းတွင် ထိုင်းရဲက ဖမ်းဆီးခဲ့သည်။ အင်္ဂါနေ့ နံနက် ရ နာရီခန့်တွင် ဆောက်လုပ်ရေး ဝင်းအတွင်းရှိ ...

ဖူးခက် (မဇ္စျိမ)။     ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့နယ် ဘန်သချက်ချိုင်ရွာရှိ ဆောက်လုပ်ရေးလုပ်သား မြန်မာ ၉၅ ဦးအား ယမန်နေ့နံနက်ပိုင်းတွင် ထိုင်းရဲက ဖမ်းဆီးခဲ့သည်။

အင်္ဂါနေ့ နံနက် ရ နာရီခန့်တွင် ဆောက်လုပ်ရေး ဝင်းအတွင်းရှိ ပန်းရံလုပ်ငန်းခွင် တခုသို့ ထိုင်းရဲများက ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ကျနော်တို့က စျေးဆိုင်မှာ အကြွေးဝယ်စားနေရတာ။ သူဌေးက လုပ်ခတွေထဲကနေ နေစရိတ်တွေ၊  မီးခ၊ ရေခတွေ အဆမတန်ဖြတ်တော့ ကျနော်တို့မှာ အကြွေးဆပ်ဖို့ ပိုက်ဆံက မလောက်တော့ဘူး။ အဲဒါနဲ့ ကျနော်တို့ ၄ ရက် အလုပ်မဆင်းဘဲ ဆန္ဒပြတာ။ အဲဒါ သူဌေးက ရဲကို တိုင်လို့ ရဲက ကျနော်တို့ကို ဖမ်းသွားတာ” ဟု ၂၆ နှစ်အရွယ် ကိုခင်မောင်ထွန်းက မဇ္စျိမကို ပြောပြသည်။

အဖမ်းဆီးခံရသူ အလုပ်သမားအများစုသည် ပြီးခဲ့တဲ့လအတွင်းက ထိုင်းအစိုးရက ထုတ်ပေးထားသည့် တရားဝင် အလုပ်သမားများ မှတ်ပုံတင် ကိုင်ဆောင်ထားသူများဖြစ်ပြီး၊ အချို့မှာ ယာယီ သန်းခေါင်စာရင်းသာ ရှိသူများဖြစ်သည်။

ယခုအခါ မှတ်ပုံတင်ရှိသူများကို ရဲက ပြန်လွှတ်ပေးခဲ့ပြီး၊ သန်းခေါင်စာရင်းသား ရှိသည့် အလုပ်သမား ၁၉ ဦးကိုမူ ဆက်လက် ထိန်းသိမ်းထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ အခြေခံလူထု လူ့အခွင့်အရေးနှင့် ပညာပေးဌာန (GHRE) မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက ပြောသည်။

သူက “အခုတော့ ရဲက အလုပ်သမားကဒ် ရှိတဲ့လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ အလုပ်သမား သန်းခေါင်စာရင်း စာရွက်ရှိတဲ့လူ ၁၉ ယောက်ကိုတော့ ဖမ်းထားသေးတယ်။ ကျနော်တို့ ရဲစခန်းမှာ ကျန်တဲ့လူတွေ လွှတ်ပေးဖို့ကိစ္စကို ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ အဖြေတော့ တိတိကျကျ မသိရသေးပါဘူး” ဟု ပြောသည်။

ဖူးခက်မြို့နယ် ဘန်သချက်ချိုင်ရွာ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက “သူတို့မှာ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ တရားဝင် စာရွက်စာတမ်းတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကလည်း တာဝန်အရ ဆောင်ရွက်ရတာပါ။ အဲဒီကိစ္စက သူတို့ကို ဒီညနေမှာ လူဝင်မှုကြီးကြပ်ရေး လက်ထဲကို လွှဲပြီးတဲ့ နောက်ပိုင်းကျမှ ထိုင်း လူဝင်မှု ကြီးကြပ်ရေးဌာနက ဆုံးဖြတ်မှာပါ” ဟု မဇ္စျိမကို ပြောသည်။

ထိုင်းနိုင်ငံသို့ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားမှ လာရောက် အလုပ်လုပ်သော ရွှေ့ပြောင်း လုပ်သားများအတွက် တရားဝင် အလုပ်သမား မှတ်ပုံတင်ရေးကို ၂၀၀၉ ခု ဇူလိုင်လ၌ ထိုင်းအစိုးရက စတင် လုပ်ဆောင်ပေးခဲ့သည်။

ပထမ အဆင့်အဖြစ် အလုပ်သမားမှတ်ပုံတင်၊ သန်းခေါင်စာရင်း မှတ်ပုံတင် စာရွက်များကို ရွှေ့ပြောင်း လုပ်သားများအား ထုတ်ပေးခဲ့သည်။

ယခုလို မြန်မာအလုပ်သမားများ ဖမ်းဆီးခံရခြင်းသည် အဆိုပါ အလုပ်သမား သန်းခေါင်စာရင်း ထုတ်ပေးပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ယခုလို ဖမ်းဆီးခံရခြင်းဖြစ်သည်။

Most read this week