မဇ္စျိမ (ချင်းမိုင်)။ ။ KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ KNLA တပ်ရင်းအချို့က KNU သို့ DKBA တပ်ဖွဲ့ဝင်များ ပိုမို၍ ပြန်လည် ပူးပေါင်းလာနိုင်မည့် နည်းလမ်းများကို ဆွေးနွေး ရှာဖွေလျက် ရှိသည်။
KNU အတွင်းသို့ လာရောက်ပူးပေါင်းမည့် DKBA တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ရာထူးတာဝန်များအတိုင်း တာဝန်ထမ်းဆောင်ခွင့် ပေးနိုင်ရေးအတွက် တပ်မဟာ (၆) နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဒူပလာယာ ခရိုင်အတွင်းရှိ KNLA တပ်ရင်း ၁၆ နှင့် ၁၇ ရှိ တပ်မှူးအချို့အကြား ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်သည်။
“သူတို့ ပြန်လာမယ်ဆိုလို့ရှိရင် တပ်စုမှူးအဆင့်ကနေ တပ်စိပ်မှူးအဆင့်အထိ လျှော့ချလိုက်မယ် ဆိုလို့ရှိရင် ဒါမဖြစ်နိုင်ဘူးပေါ့။ သူတို့ဘက်မှာလည်း ထိခိုက် မနစ်နာအောင် တပ်စိပ်တစိပ်နဲ့ ပြန်လာလို့ရှိရင် တပ်စိပ်မှူးပေါ့။ တပ်စုတစုနဲ့ ပြန်လာလို့ရှိရင် တပ်စုမှူးပေါ့။ အကြမ်းမျဉ်းတော့ ဒီလိုသဘောထားရှိတယ်” ဟု အမည်မဖော်လိုသူ KNLA အရာရှိတဦးက မဇ္စျိမကို ပြောသည်။
ယခု အစီအစဉ်အား တပ်မဟာ (၆) နယ်မြေအခြေစိုက် တပ်ရင်း ၃ ခုမှ အခြားတပ်ရင်းတခုဖြစ်သော တပ်ရင်းအမှတ် ၁၈ နှင့် ဆွေးနွေးနိုင်ခြင်း မရှိသေးသော်လည်း တပ်မဟာ (၆) တပ်မဟာမှူးထံသို့ တင်ပြထားသည်။
“ကျနော်တို့ လက်ရှိ ကရင်အချင်းချင်းက ပဋိပက္ခ ဖြစ်တဲ့နေရာမှာ အကြမ်းဖက်နည်းနဲ့ လက်နက်ကိုင် တိုက်နေခိုက်နေလို့ ဆုံးတော့မှာ မဟုတ်ဘူးလေ။ လက်ရှိအောက်ခြေမှာတော့ ဖြစ်ရှိနေတဲ့ အနေအထားအရ ဒါကိုလုပ်မယ်၊ အစီအစဉ်ရှိတယ် ဆိုတာကိုတော့ ခရိုင်နဲ့ တပ်မဟာကို အသိပေးတယ်။ အပေါ်ကတော့ ဆိုးတယ် ကောင်းတယ်လို့ ဘာမှ မပြောသေးဘူး” ဟု သူက ဆက်ပြောသည်။
ယင်းကိစ္စများနှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်သို့ တင်ပြလာလျှင် သုံးသပ်ပြီး သင့်တော်ပါက ဦးဆောင် အကောင်ထည် ဖော်သွားမည်ဖြစ်ကြောင်းKNU ဒုဥက္ကဌက ပြောသည်။
“ကျနော်တို့ ဘာမှမသိရသေးဘူး။ ခရိုင်တခုဆီမှာ DKBA ကိစ္စနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖို့ ကော်မတီ တခုစီ ရှိတယ်။ ဗဟိုကို တင်ပြရင် သုံးသပ်ပြီးတော့ သင့်တော်မယ် ဆိုလို့ရှိရင် အဲဒီအတိုင်း လုပ်ပေါ့ဗျာ။ နောက်ပြီး ကျနော်တို့က အကြံပေးမယ်၊ ဉာဏ်ပေးမယ်။ ရှေ့ဆောင်မယ်၊ လမ်းပြမယ်ပေါ့ဗျာ” ဟု ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါက မဇ္စျိမကို ပြောသည်။
DKBA အရာရှိတဦးကမူ ယင်းအစီအစဉ် ဖြစ်မြောက်ရန် ခက်ခဲမည်ဟု ထင်ကြောင်းနှင့် သို့သော် နှစ်ဖက် အထက်လူကြီးများ၏ သဘောတူ စီမံခန့်ခွဲမှုကို လိုက်နာကြမည်ဖြစ်ကြောင်း ပြောသည်။
“ကျနော်ကတော့ အဲလောက် အခြေအနေအထိ ဖြစ်လာနိုင်ဖို့ဆိုတာကတော့ ဘယ်လိုမှ မခန့်မှန်းနိုင်ဘူး။ သူတို့အခြေအနေအရနဲ့ လက်ရှိအခြေအနေ။ ပြည်တွင်း အခြေအနေရော။ သူတို့နေထိုင်နေရတဲ့ ပြည်ပ အခြေအနေ အဖက်ဖက်မှာလေ။ အဲဒီသူတို့ လူကြီးပိုင်းမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေရင် အောက်ခြေကတော့ ပြောစရာမလိုဘူး”ဟု သူက ပြောသည်။
ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် DKBA သည် ကရင်အမျိုးသားအစည်းအရုံး KNU မှ ၂၀၀၄ ခုတွင် ခွဲထွက်ခဲ့ပြီး လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် အခြေစိုက်ထားသည်။